Monday, October 28, 2013

ညီနောင်တိုင်းရင်းသားပါတီ ၁၅ ပါတီက ရေးဆွဲနေသော ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ အကြမ်းထည် ပြီးစီးနေပြီဖြစ်ကာ ပညာရှင်များဖြင့် အချောသတ်နေ

0 comments
28-10-2013

တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က ရေးဆွဲနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းမှာ အကြမ်းထည် ပြီးစီးပြီဖြစ်ပြီး ပညာရှင်များဖြင့် အချောသတ်နေကြောင်း NBF ပြောခွင့်ရပုဂ္ဂိုလ် ဦးဇိုဇမ်က ပြောကြားသည်။

အဆိုပါ မူကြမ်းတွင် တိုင်းရင်းသားများ၏ အခွင့်အရေးများ ကာကွယ်နိုင်သော၊ တိုင်းရင်းသားများ၏ အခြေအနေ တစ်ခုကို မြှင့်တင်ပေးနိုင်သော အခြေခံဥပဒေဖြစ်ရန် အဓိက ထားကြောင်းနှင့် လူတစ်ဦးတစ်ယောက် သမ္မတဖြစ်ရေး ဆိုသည်မှာမူ ဦးစားပေးထဲတွင် မရှိသေးကြောင်း၊ ယင်းအချက်သည် နောက်ပိုင်းကျမှသာ လာရမည့် ကိစ္စဖြစ်ကြောင်း ချင်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးဇိုဇမ်က ပြောကြားသည်။

"အဓိကကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ နစ်နာဆုံးရှုံးခဲ့တဲ့ ဟာတွေကို ဘယ်လိုကာကွယ် ပေးနိုင်မလဲ။ ဘယ်လိုပြင်ဆင်လိုက်ရင် ဘယ်လိုမြင့်တက်လာမလဲ ဆိုတာပေါ့။ အကြမ်းထည်ကတော့ အဲဒီရပ်တည်ချက်ပေါ့။ တိုင်းရင်းသားတွေရဲ့ ရှုထောင့်ဘက်ကနေ ရပ်တာပါ" ဟု ၎င်းကဆိုသည်။

အဆိုပါ NBF ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ တစ်ခုလုံးကို Renew လုပ်ထားသော်လည်း NBF ပေါ်လစီအရ တစ်ခုလုံးကို အသစ်ရေးခြင်း မဟုတ်ကြောင်း၊ အဓိက အနေဖြင့် မည်သည့်အချက်များ ပြင်ဆင်ရမည်ဆိုသည့် ရှုထောင့်မှ သွားခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်သည့်အချိန်တွင် ၂၀၀၈ အခြေခံဥပဒေကို ဘေးနားတွင် ထားရှိရမည်ဖြစ်ပြီး အခြေခံဥပဒေ မရှိပါက မြန်မာနိုင်ငံမှာ ဥပဒေမဲ့တိုင်းပြည် ဖြစ်သွားနိုင်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကိုးအကား အနေဖြင့် သုံးသွားမည်ဖြစ်ကြောင်း ဦးဇိုဇမ်က ပြောကြားသည်။

ဦးဇိုဇမ်က "ဒီထက်ကောင်းတဲ့ နည်းလမ်းကို ဒီဟာကို Reference လုပ်ပြီးမှ လုပ်ရမှာဖြစ်တယ်။ တကယ်လို့ အခြေခံဥပဒေဟာ တစ်မိနစ် နှစ်မိနစ်တောင် မရှိဘူးဆိုရင် တိုင်းပြည်ဟာ ပျက်စီးသွားနိုင်တယ်။ အဲဒါကို ကျွန်တော်တို့က စိုးရိမ်တာပါ။ ကျွန်တော်တို့ Reference ထားတာက ၁၉၄၇ ရယ်၊ မဆလခေတ်တုန်းက ကျွန်တော်တို့ ချပြခဲ့တဲ့ဟာရယ်၊ ၂၀၀၈ ရယ် သုံးခုလုံးကို Reference အနေနဲ့ ထားထားပါတယ်။ အဲဒီထဲမှာ အဓိကထားတာက ၂၀၀၈ ပဲ။ ပြန်ကြည့်ရတယ်။ လေ့လာရတယ်။ ဒီဟာတွေထက် ကောင်းတဲ့ဟာတစ်ခု ရအောင်တော့ ကြိုးစားနေပါတယ်" ဟု ပြောကြားသည်။

NBF အနေဖြင့် အဆိုပါ မူကြမ်းကို မူကောင်းတစ်ခု အနေဖြင့်သာ ကိုင်စွဲရန်ဖြစ်ပြီး သုံးခြင်း၊ မသုံးခြင်းမှာ တစ်ကဏ္ဍဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အဆိုပါ မူကြမ်းကို NBF ၏ လက်ကိုင်စာအုပ်တစ်ခု အနေဖြင့် ကိုင်စွဲသွားမည်ဖြစ်ကြောင်းလည်း ၎င်း၏ပြောကြားမှုအရ သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here