Monday, October 7, 2013

ဦးဂိုအင်ကာ အရိုးပြာအိုး ယနေ့နံနက် ရန်ကုန်ရောက်မည်

0 comments
ရန်ကုန်၊ အောက်တိုဘာ ၆

ကမ္ဘာအနှံ့ ဝိပဿနာတရား ပြန့်ပွားရေးအတွက် ဆောင်ရွက်ခဲ့သော ကမ္မဋ္ဌာန်း တရားပြဆရာကြီး ဦးဂိုအင်ကာ အရိုးပြာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အောက်တိုဘာလ ၇ ရက် နံနက်တွင် ရောက်ရှိမည် ဖြစ်ကြောင်း ဓမ္မဇောတိ ဝိပဿနာ ရိပ်သာမန်နေဂျာ ဦးဆန်နီက ပြောကြားသည်။ 

ဆရာကြီး ဂိုအင်ကာ အရိုးပြာသည် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှ ရန်ကုန်သို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည် ဖြစ်ပြီး ရန်ကုန်လေဆိပ်မှ ဗဟန်းမြို့နယ် ဓမ္မဇောတိ ရိပ်သာသို့ ပန်းရထားဖြင့် သယ်ဆောင်မည် ဖြစ်ကြောင်း ဦးဆန်နီက ဆိုသည်။

ဦးဂိုအင်ကာ အရိုးပြာကို ငါးထပ်ကြီး ဘုရားအနီးရှိ ဓမ္မဇောတိ ဝိပဿနာ ရိပ်သာတွင် တစ်ညတာ အပူဇော်ခံမည် ဖြစ်ပြီး ဧရာဝတီ မြစ်တွင်း သုံးနေရာတွင် ရေမျှောမည် ဖြစ်ကြောင်း ဦးဆန်နီက ဆိုသည်။

ဆရာကြီး၏ အရိုးပြာကို အောက်တိုဘာ ၈ ရက်နေ့တွင် ရန်ကုန်မြစ်ဝသို့ မြနန္ဒာ သင်္ဘောဖြင့် လည်းကောင်း အောက်တိုဘာ ၉ ရက်နေ့တွင် မြစ်ဆုံ၌ လည်းကောင်း ရေမျှောမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာ အဖွဲ့ဝင် ဦးထွန်းထွန်းက ပြောကြားသည်။

ဆရာကြီး ဦးဂိုအင်ကာ၏ မွေးရပ်ဇာတိဖြစ်သော မန္တလေးမြို့တွင် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ဦးဆောင်ပြီး သင်္ဘောငါးစင်းဖြင့် အရိုးပြာကို ရေမျှောမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာအဖွဲ့ထံမှ သိရသည်။

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာသည် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် နေထိုင်စဉ် လူကြီးရောဂါဖြင့် စက်တင်ဘာ ၂၉ ရက်နေ့က ကွယ်လွန်သွားခြင်း ဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

ဦးဂိုအင်ကာသည် ဝိပဿနာ တရားပြ ဆရာကြီး ဦးဘခင်ထံတွင် ဝိပဿနာ တရားကို ၁၄ နှစ်ကြာ သင်ကြားခဲ့ပြီးနောက် နိုင်ငံပေါင်း ၁၅၀ တွင် ဝိပဿနာစခန်း ၁၇၂ ခု ဖွင့်လှစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မွန်ဘိုင်းမြို့ ရွှေတိဂုံပုံတူ ကမ္ဘာ့ ဝိပဿနာ စေတီတော် (Global Vipassana Pagoda) ကို တည်ထားခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here