Tuesday, October 1, 2013

မန္တလေးကျုံးပုံရိပ် မထိခိုက်သည့် အထပ်မြင့် အဆောက်အအုံများသာ တိုင်းဒေသကြီးအစိုးရ ခွင့်ပြုမည်

0 comments


1.10.2013

မန္တလေး ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ၊ သာသနိက အဆောက်အအုံများနှင့် ပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် မန္တလေး ကျုံးဘေးပတ်လည် ဧရိယာတွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်လိုပါက လမ်းနယ်နိမိတ်မှ အကွာအဝေးအလိုက် ဖြစ်သင့်သည့် အဆောက်အအုံ အမြင့်များကိုသာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခွင့် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန တာဝန်ရှိသူထံမှ သိရသည်။

“မန္တလေး ကျုံးဘေးပတ်လည်မှာ လေးထပ်ထက်ပိုတဲ့ အထပ်မြင့် အဆောက်အအုံတွေကို ဆောက်လုပ်ခွင့် ပေးတော့မှာ မဟုတ်ပါဘူး။ ကျုံးဘေးမှာ နေ့စဉ်ဖြတ်သန်း သွားလာနေတဲ့ ပြည်သူတွေ စိတ်မမွန်းကျပ်အောင်ရယ် ကျုံးကြီးရဲ့ပုံရိပ်တွေ ပျောက်ကွယ် မသွားအောင်လို့ ဆောက်လုပ်ခွင့်ပေးမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ကျုံးဘေး အနီးတစ်ဝိုက်တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်လိုပါက ကျုံးနံဘေး အကွာအဝေးပေါ် မူတည်ကာ ခွင့်ပြုပေးမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

မန္တလေးမြို့အတွင်းရှိ မည်သည့်နေရာတွင်မဆို အထက်မြင့် ဆောက်လုပ်မည့်သူများ အနေဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ အဆောက်အအုံ အနေထားနှင့် အစီအစဉ်အားလုံး တင်ပြ၍ ဌာနက သတ်မှတ်ထားသော အထပ်မြင့် ဆောက်လုပ်ခွင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေးကျုံးဘေး၂၆လမ်းနှင့်၂၇လမ်းကြားရှိစိတ္တရမဟီဝန်ထမ်းအိမ်ရာ ပြန်လည် ပြုပြင်တည်ဆောက်ရာတွင် ကိုးထပ် အဆောက်အအုံ တည်ဆောက်ရန် စီစဉ်ထားကြောင်း အဆိုပါစီမံကိန်းတာဝန်ရှိသူထံမှသိရသည်။

မြို့တွင်းအထပ်နိမ့် နှစ်ထပ် အဆောက်အအုံ ဆောက်လုပ်လျှင် မျက်နှာပွင့်အကျယ် အနည်းဆုံး ၈ ပေမှ ၁၀ ပေ၊ အထပ်အမြင့်မှာ ၂၃ ပေသာ ရှိရမည် ဖြစ်ကြောင်း ၁၂ ထပ် ဆောက်လုပ်လိုပါက မျက်နှာပွင့် အကျယ် ၄၃ ပေ အနည်းဆုံး ရှိရမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။

မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်း လူနေ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရမည့် အထပ်အရေအတွက် သတ်မှတ်ချက်များကို မန္တလေးကော်မတီက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မန္တလေးမြို့လယ် အဓိက လမ်းမကြီးများပေါ်တွင် မျက်နှာပွင့် အနည်းဆုံး ၂၀ ပေ အကျယ် ရှိပြီး နောက်အထိ အကျယ် ပေ ၅၀ မှစရှိကာ မျက်နှာပွင့်ပေါ် မူတည်ကာ မြေဈေး သတ်မှတ်လေ့ ရှိကြောင်း၊ မြို့ ပြင်ဧရိယာများတွင် မြို့ကွက်သစ် ရိုက်ထားသည့် ပေ ၄၀ ပေ ၆၀ အကျယ်များအတိုင်း အရောင်းအဝယ် ဖြစ်လေ့ရှိပြီး မြေ ထက်ဝက်ပိုင်း ရောင်းခြင်းများလည်း ရှိကြောင်း မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“မန္တလေး ကျုံးဘေး ပေ ၅၀ အကွာဆိုရင် အထပ်မြင့် ဆောက်လို့ရတယ်လို့တော့ ကြားထားတယ်။ ခု ကျုံးဘေး ၂၇ လမ်းပေါ် မှာ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးရဲ့ ၁၈ ထပ် အဆောက်အအုံ တစ်လုံးဆောက်ဖို့ ရှိတယ်။ ဒီဇိုင်းဆွဲပြီးရင်တော့ အစိုးရအဖွဲ့ဆီ တင်မယ်။ ခုက ဒီဇိုင်းဆွဲနေတုန်းပဲ ရှိသေးတယ်” ဟု မန္တလေးမြို့ CAD ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

The Voice weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here