Sunday, October 20, 2013

ချင်းအမျိုးသားညီလာခံ တက်မည်မဟုတ်ဟု ချင်းတိုးတက်ရေးပါတီဆို

0 comments

Sunday, October 20, 2013

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ပြုလုပ်မည့် ချင်းအမျိုးသားညီလာခံကို တက်ရောက်မည်မဟုတ်ဟု ချင်းတိုးတက်ရေးပါတီက ချင်းအမျိုးသား ညီလာခံ ကျင်းပရေးကော်မတီသို့ အောက်တိုဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သောစာတွင် ဖော်ပြထားသည်။

ချင်းအမျိုးသား ညီလာခံ ကျင်းပရေးအတွက် ချင်းပါတီများက ဦးဆောင်ခဲ့သော်လည်း ယခုအခါ ချင်းပါတီများ၏ ဦးဆောင်မှု ကဏ္ဍသည် အရေးမရောက်ဘဲ မှေးမှိန်လာ သောကြောင့်ဟု ယင်းစာတွင် ဖော်ပြထားသည်။

"ချင်းအမျိုးသား ညီလာခံ ပြုလုပ်ဖို့ ဧပြီလက ချင်းပါတီငါးပါတီက ဦးဆောင် ဆွေးနွေးခဲ့တာပါ။ အချိန်တွေ ကြာလာတာနဲ့ အမျှပါတီရဲ့ ဦးဆောင်မှုက အရာမရောက် ဖြစ်လာလို့ ချင်းအမျိုးသား ညီလာခံကို ပါတီအနေနဲ့ မတက်ရောက်တော့တာ ဖြစ်တာပါ" ဟု ချင်းတိုးတက်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးချန်လျှန်းက ရှင်းပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ချင်းအမျိုးသား တပ်ဦးမှ ဒေါက်တာရွှေခါးကို မေးမြန်းရာ ချင်းအမျိုးသား ညီလာခံသည် ချင်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပါတီအနေနှင့် မတက်ရောက်နိုင် သော်လည်း တစ်သီးပုဂ္ဂလ တက်ရောက်နိုင်ရန် ချင်းအမျိုးသား ညီလာခံ ကျင်းပရေးကော်မတီက ဖိတ်ကြားသွားမည် ဟုဆိုသည်။

"အခက်အခဲ အမျိုးမျိုးကြောင့် ပါတီ ကိုယ်စားပြု မတက်နိုင်ရင်လည်း ကျွန်တော်တို့ ဖိတ်ဖို့တော့ အဆင်သင့်ရှိပါတယ်။ CPP ဆိုတဲ့ အလံအောက်မှာ မဟုတ်ဘဲ တခြား အဖွဲ့အစည်း ကိုယ်စားပြုရော၊ ပညာရှိအနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ရော တက်ရောက်လာမယ်လို့ Commitment ပေးတဲ့ CPP ခေါင်းဆောင် တွေရှိပါတယ်" ဟု ၄င်းက ဖြေရှင်းသည်။

ချင်းအမျိုးသား ညီလာခံကို နိုဝင်ဘာလ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ချင်းပြည်နယ် မြို့တော် ဟားခါးတွင် သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here