Wednesday, October 23, 2013

နားမခေါ်ကျေးရွာ ရေးကြီးမှုဖြစ်ပွား နေအိမ်များ ရေနစ်မြုပ်

0 comments


23-10-2013

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ နားမခေါ်ကျေးရွာ ဓမ္မဂုဏ်ရည်အ၀င်(တစ်)လမ်းမှစ လမ်းသွယ် (ခုနှစ်)အထိ ရေလွှမ်းမှုများ ဖြစ်ပွားလျှက်ရှိပြီး တာဘောင်ဘေးရှိ နေအိမ်များ ရေနှစ်မြုပ်လျှက်ရှိကြောင်း သိရသည်။

“ကျွန်တ်ာက ဒီမှာနေတာ နှစ်အစိတ်ကျော်ပြီ။ ဒီလိုတခါမှ မတွေ့ဖူးဘူး။ ခါတိုင်းမိုးရွာရင် ဟိုဖက် အောက်ဘက်ပေါ့နော်။ အိမ်ရာကျော် ရေကြီးတယ် ဒါကဖြစ်နေကြပါ။ ဒီအပိုင်းကတော့လုံးဝ ရေမကြီးဘူး။ အခုဒီတူးမြောင်းတာ ဘောင်ပေါ့နော်။ အဲ့ဒါကြီး တူးလိုက်မှ ကျွန်တော်တို့အိမ်တွေ ရေကြီးတော့တာဘဲ။ ဒီတူးမြောင်း တာဘောင်ကို ပြီးခဲ့တဲ့နှစ်က တူးထားတာ။ ဒီနှစ်ကဒါနဲ့ဆို ငါးကြိမ်ရှိပြီ။ ဒုတိယအကြိမ်က အဆိုးဆုံးဘဲ။ ကျွန်တော်ကတော့ မိုးရွာမှာကို ကြောက်နေတာ။ မိုးရွာတိုင်း ကျွန်တော်တို့ ခုနှစ်အိမ် ရေမြုပ်နေကြ။ ရေကြီးပြီဆိုရင် အထုပ်ဆွဲပြီး ပြေးရတယ်။ တခါတလေဆို အိပ်နေရင်း ရေကြီးလာလို့ ထပြေးရတာ။ ဒီတာဘောင်ကို အခိုင်အမာနဲ့ ကောင်းကောင်းလေး ဆောက်ပေး စေချင်တာပါ”ဟု ဆယ်အိမ်မှူး ကိုတင်မျိုးဝင်းက ပြောသည်။

ယင်းရပ်ကွက်တွင် ဧပြီလက စည်ပင်ဌာနမှ ရေလွှဲမြောင်း တူးဖော်ရာ လမ်းသွယ်(၂) နှင့် (၃)ကြားတွင် မြေ မောက်နေသည့် အတွက် ရေမဆင်းနိုင်ဘဲနိမ့်နေသည့်ဘက်သို့ ပြန်အန်ထွက်လာခြင်း ဖြစ်ကြောင်းယင်းတူးမြောင်း ဘေးနေထိုင်သူများက ပြောကြသည်။
“ဒုတိယအကြိမ် ရေကြီးတဲ့အချိန်မှာ အထက်ဌာနကို တင်ပြပါတယ်။ သတင်းဌာနတွေကိုလဲ တင်ပြပါတယ်။ ဒါနဲ့နေပြည်တော်က စည်ပင် ဒုဝန်ကြီးကိုယ်တိုင် လာရောက်ကြီးကြပ်ပါတယ်။ မြေဖို့သွားပါတယ်။ ရေလွှဲမြောင်ဘေးက ငါးပေအကျယ်ပါ။ တတိယ အကြိမ် ရေကြီးတဲ့ အခါမှာ အဲဒီတံမံ ကျိုးသွားပါတယ်။ ကျိုးသွားလို့ မ.ယ.က၊ ခ.ယ.ကခေါ်ပြီးမှ ဆယ်အိမ်မှူး၊ နယ်မြေမှူးတွေ က လိုက်ပြပါတယ်။ ဒါပေမယ့် ခ.ယ.ကဥက္ကဋ္ဌက ဘာပြောသွားလဲဆိုရင် ပြီးခဲ့တဲ့အပတ်က သတင်းပို့လို့ တာတမံဖို့တာ ဒီဇယ် တစ်ဆယ့်ရှစ်လုံး ကုန်သွားတယ်။ အဲ့ဒီတော့ ဒီဟာဖြစ်ဖို့ကိုလဲ ဘတ်ချက် တင်ထားပါတယ်။ ဘတ်ချက်ကျလာတဲ့ ပွင့်လင်း ရာသီရောက်မှ ပီပီပြင်ပြင် လုပ်ပေးမယ်လို့ ပြောသွားပါတယ်”ဟု ဆယ်အိမ်မှူး ဦးတင်ဆန်းက ပြောသည်။

အဆိုပါ တူမြောင်းနှင့် တာဘောင် မပြင်ဆင်သေးသည့် ကာလ တစ်လျှောက်လုံး လာရှိုးမြို့တွင် မိုးရွာပါက ၎င်းရပ်ကွက် တွင် ရေကြီးမှု ဒဏ်ကို ခံစားနေကြရမည် ဖြစ်ကြောင်း ရပ်ကွက်တာဝန်ရှိသူများက သုံးသပ်ကြသည်။

စိုးမင်းနိုင်(လားရှိုး)
မြန်မာခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here