Friday, October 18, 2013

ကောင်းမှု တရားတွေ ထိန်ထိန်သာတဲ့ သီတင်းကျွတ်လ

0 comments


နားထဲဝင်ရောက်လာတဲ့ ဗျောက်အိုးဖောက်သံကြောင့်ကျွန်မလက်ထဲကဖယောင်းတိုင်လေး အောက်သို့လွတ်ကျသွားစေပါသည် ။ ဒီရာသီ ဒီချိန်ကိုရောက်တိုင်း ကျွန်မတို့ ဒေသလေးရဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်လေးကို သတိရ မိမြဲ ဖြစ်၏ ။ကွန်ပြူတာ ရေဒီယို ကနေ ထွက်ပေါ်လာတဲ့ ယုဇန ရဲ့ သီတင်းကျွတ်ညလေးတစ်ညဆိုတဲ့ သီချင်းသံလေး က အလွမ်းတွေကို ဒီဂရီတိုးပေးနေလေရဲ့ ။အထူးသဖြင့် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တိုင်း မီးကန်တော့ရတဲ့ ဓလေ့လေးကို ပိုလို့ လွမ်းဆွတ်မိပါသည် ။မိုးအကုန် ဆောင်းအကူး ဆီမီးတွေ ထိန်ထိန် လင်းကြမယ့် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက် သီတင်းကျွတ်လ လေးကို ကျွန်မ အလွန်နှစ်ခြိုက်သဘောကျမိဧ။် ။ ကျွန်မ ငယ်စဉ်ကဆို သည်လိုသီတင်းကျွတ် အချိန်ခါကိုရောက်တိုင်း မီးတွေကို ဘယ်လို အလှဆင်ရမလဲဆိုတဲ့အတွေးတွေနဲ့အလုပ်ရှုပ် နေတတ်သူပေါ့ ။ ကျွန်မတို့ ဒေသမှာ သုံးရက်တိုင်တိုင် မီးပူဇော်တတ်ကြသည်။ လမ်းတိုင်းလိုလို ကိုယ်ထူကိုယ်ထစနစ်နဲ့ တတ်နိုင်သမျှ မီးအလှဆင်ကြပုံများလည်း မျက်စိထဲက မထွက်အောင် အပြိုင်ဆိုင် လှပကြပါပေသည် ။ ညနေချိန်ခါရောက်ပြီဆို ရေမိုးချိုး အ၀တ်စားလဲကာ မိမိတို့ ပိုင်ဆိုင်ရာ စက်ဘီး ဆိုက်ကယ် မော်တော်ကား ဘာမှ မရှိသူကလည်း အားကျမခံ ခြေကျင်လျှာက်ကာ ဆီးမီးပူဇော်ပွဲကို ပျော်ရွင် ဆင်နွဲ တတ်ကြတဲ့ မြင်ကွင်းများသည် ကျွန်မမျက်လုံးထဲထင်ထင်ခြားခြား ပြန်လည်မြင်ယောင်နေမိပါဧ။် ။ ဆီးမီးထိန်ထိန် လင်းလက်တောက် ပနေတဲ့ ဒီရာသီလေးကို ကျွန်မ အလွန်တက်မက်မိသည် ။ ဆီမီးရောင်စုံတွေ ရဲ့ရင်ခွင်မှာ တစ်မှေးတစ်ရေး နားခိုခွင့်ရသလို ခံစားကြည်နူးရတဲ့ ဒီရာသီလေးကို ကျွန်မ ချစ်မြတ်နိုးမိပါသည် ။


မြန်မာနှစ်ရဲ့ (၇)လမြောက် သန်တူ (သီတင်းကျွတ်)ဟာ စက်တင်ဘာလ - အောက်တိုဘာလမှာ ကျရောက် ပါတယ်။ `သန်´က စပါးပင်ကို ရည်ညွှန်းတယ်။ `တူ´ဟာ ထူဖြစ်ပြီး စပါးပင်များ ထူထူ ထောင်ထောင် ပေါက်ရောက်လျှက်ရှိပြီလို့ ဆိုလိုတယ်။ အဲ့ဒီလို အပင်တွေ အောင်မြင်လို့မို့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ အခု သီတင်းကျွတ် ခေါ်တာဟာ ရဟန်းသံဃာတွေ ၀ါဆိုကြရာက ပြီးဆုံးပြီလို့ အဓိပ္ပာယ် ရပါတယ်။ ဒီလရဲ့ အထိန်းအမှတ်က ကြာဖြူ (Nymphaea lotus) ဖြစ်ပါတယ်။*ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများ ပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါ တိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု * ဘွားဘွားပြောပြဘူးတဲ့ အကြောင်းအရာလေးကလည်း ထာဝရ ရင်ထဲမှာ စွဲမြဲစွာ မှတ်သားထားမိပါသေးသည် ။ ယခုဆိုရင် သားလေးနဲ့ သမီးလေးကိုတောင် လက်ဆင့်ကမ်း ပြောပြထားသည် ။

သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန် အမှုပြုကြသောပ၀ါရဏာနေ့၊ဘုရားရှင်တာဝတိံသာနတ်ပြည်၌အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူး ၀ိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင် ဖြစ်ပါသည်။
အသျှင်ဉာဏုတ္တရ (သီရိလင်္ကာ)

ခုချိန်ခါဆို ကျွန်မတို့ တစ်မြို့လုံး မီးတွေထွန်းလို့ ထိန်လင်းနေကြရောပေါ့ ။ကျွန်မတို့ နေရာလေးက အစည်ကား ဆုံးနေရာ တစ်ခုလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ဘာကြောင့်လည်းဆိုရင် ကျွန်မတို့ နားမှာ စေတီ သုံးဆူတည်ရှိနေပါသည် ။ ထိုစေတီ သုံးဆူလုံးမှာ ဆီမီးတစ်ထောင်ပူဇော်ပွဲတွေကို စည်ကားတိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည် ။ စတုဒီသာ များလည်း ကျွေးမွေးဧည့်ခံတတ်ကြပုံများမှာမြိုင်မြိုင်ဆိုင်ဆိုင် ရှိလှဧ၊်။ ။ အပျော်များဖြင့် ဖုံးလွမ်းကာ လည်ရ ပတ်ရ သည်ကို ပင်ပန်းသည်ဟု မထင်ခဲ့ကြပါ။ မြို့ပတ်ကာ မီးရောင်စုံအလှတွေကို ကြည့်ရှုရတဲ့ ပျော်ရွင်မှုကိုလည်း ယနေ့တိုင် တမ်းတမိနေဆဲ ။ ဘုရားတွေက ပြန်လည်ဧည့်ခံသော အစားသောက်တို့ကို တိုးဝှေ့စားသောက်ခဲ့ရသည့် အရသာကိုလည်း မမေ့နိုင် ။

သီတင်းကျွတ်ပြီ ဆိုရင်မိဘ ဆရာသမားတို့ကို လိုက်လံ ကန်တော့ရတဲ့ အစဉ်လာလေးကိုလည်း ကျွန်မ အထူးနှစ်သက်မိပါသည် ။ ကျွန်မ ဖေဖေ နဲ့ မေမေက အထက်တန်းရက်ကန်းကျောင်းက ကျောင်းအုပ်ဆရာ ဆရာမတွေမို့ ဒီလိုရာသီချိန်ရောက်တိုင်း တပည့် သားသမီးတွေက စုပေါင်းကာတစ်မျိုး ၊ မိသားစုလိုက်တစ်ဖုံ လာေ၇ာက် ကန်တော့တတ်ကြသည်။ ကျွန်မတို့ အလွန်ပျော်ပါသည် ။ အိမ်တွင် မုန့်အစုံလင်ကို မစားချင်မှ အဆုံး စားသောက်ရသည် ။ ဖေဖေ နဲ့ မေမေရဲ့ ဆုပေးသံတွေ ကလည်း သာယာတဲ့ ဂီတသံတစ်ခုအလား ခုချိန်မှာ သတိရလွမ်းဆွတ်နေမိသည် ။

အနီးဖိတ်ဟုခေါ်ဆိုသောသီတင်းကျွတ်လပြည့်နေ့မတိုင်မီတရက်အလိုထဲက မိမိတို့ အိမ်ရှိ ဘုရားကျောင်းကန်များတွင် ပန်း ၊ ရေချမ်း ၊ ဆီမီး များကို စတင်ပူဇော်တတ်ကြပါသည် ။ လပြည့်နေ့တွင် လူကြီးမိဘများကို ကန်တော့ကြသည် ။ လပြည့်နေ့ ညနေခင်း မြင်ကွင်းတွေကတော့ ကျွန်မအတွက် ကြည်နူးစရာအကောင်းဆုံဒးပါပဲ။ လူတိုင်း လိုလို သန့်ရှင်းသပ်ရပ်သော ၀တ်စား ဆင်ယင်မှုတို့ဖြင့် ကန်တော့ဗန်းလေးတွေကို လက်မှာ ကိုင် လူကြီးမိဘ ဆရာသမားတွေကို ရိုသေစွာ ကန်တော့ကြသည် ။ နောက်ထပ် မမေ့နိုင်စရာလေးရှိပါသေးသည် ။ လူကြီးများက ဦးဆောင်ကာ လူငယ်မောင်မယ်များကတက်တက်ကြွကြွ ပါဝင်လို့ ဆွမ်းတော်ကြီး လောင်းလှူရန်အတွက်အလှူခံကြတဲ့ကြည်နူးချမ်းမြေ့ဖွယ် မြင်ကွင်းလေးပါပဲ။ နောက်ဆုံးနေ့ကို ရောက်လို့လာပြန်တော့ အိမ် တိုင်း မီးကန်တော့ကြပြန်သည် ။ ခြံစည်းရိုးကအစပြုလို့ မီဖို အဆုံး ဆီးမီးတိုင်လေးတွေ လိုက်လံပူဇော်ကာ မီး ကန်တော့ကြပါသည် ။ ဒီရာသီကာလသည် ဘုရားပွဲတော်များ၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ ကျင်းပရာ အခါလည်းဖြစ်ပေသည် ။ သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပကာ ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်သည်ဟု ဆောင်းပါးတစ်ခုတွင် မှတ်သားခဲ့ဘူးပေသည် ။ ထို့ကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့ဘူးလေသည် ။

အမှတ်ရစရာ ပေါင်းများစွာရှိနေတဲ့ ဒီလရာသီလေးကို တိတ်တစ်ဆိတ်လေးလွမ်းနေရတဲ့ အထီကျန်လူသားတစ်ယောက် အဖြစ် အဝေးတစ်နေရာမှာ ရှိနေသူကတော့ ကျွန်မ ။ အနားရှိအိန္ဒိယကုန်စုံဆိုင်က ၀ယ်လာတဲ့ ဆီမီးခွက်လေးတွေကို အိမ်အနှံလိုက်ကာ နေရာချနေကာမြန်မာဆိုင်မှ ၀ယ်လာသော ဖယောင်းတိုင်ရောင်စုံလေးများအား အဆင်သင့် စိုက်ကာ ထားလို့ ချစ်ခင်ပွန်း ပြန်အလာကို မျှော်ကာငိုင် ။ မီးထွန်းပွဲတော်လေးကို နှစ်ယောက်ထဲ ကျင်းပရမည် ။ ဆင်နွဲခဲ့ဘူးတဲ့ သီတင်းကျွတ် ညလေးတွေ ကို တမ်းတလွမ်းဆွတ် ရင်း မြန်မာပြည်သူ ပြည်သားအားလုံး ကောင်းမှု တရားတွေ ထိန်ထိန်သာတဲ့ သီတင်း ကျွတ်လ ရာသီ ပွဲတော်လေးမှာ ပျော်ရွင် ကြည်နူးနိုင်ကြပါစေလို့ ဆုတောင်းရင်း အလုပ်ကပြန်လာမယ့် အိမ်သား အလာ ကိုစောင့်ကြိုနေမိပါတော့သည် ။

Yangon Media 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here