Wednesday, October 16, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနှင့် ပတ်သက်၍ NLD ပြည်သူ့ဆန္ဒ သဘော ထား ကောက်ယူမှုများ တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ်တစ်ခုတွင် စတင်နေ

0 comments

မြင်းခြံမြို့တွင် အောက်တိုဘာ ၁၅ ရက်က မြင်းခြံခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘော ထား ရယူရေး ဟောပြောပွဲ ကျင်းပစဉ် Wednesday, October 16, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမှုများကို တိုင်းဒေသ ကြီး လေးခုနှင့် ပြည်နယ်တစ်ခုတို့တွင် စတင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောထား ကောက်ယူမှုများကို ရန်ကုန်တိုင်းဒေသကြီးတွင် အောက်တိုဘာ ၁၂ ရက်၌ စတင်ခဲ့ပြီး ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် တို့တွင်လည်း စတင်နေ ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် မြောက်ဥက္ကလာပ၊ တောင်ဒဂုံတို့တွင် ဟောပြောမှုအပြီး သဘောထား ကောက်ခံ မှုများအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ပြင် ဆင်လိုသည့်သူက ပိုများပြီး ပဲခူးတိုင်း ဖြူးမြို့နယ် တွင် ဟောပြောခဲ့ရာတွင်မူ ၇၀ ရာခိုင်နှုန်းခန့်မှာ အသစ်ဆွဲလိုသူက ပိုများကြောင်း ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့၌ သဘောထား ကောက်ယူရေး တာဝန်ယူထားသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

"ပဲခူးတိုင်း အနေနဲ့က မနေ့က ဖြူးမှာဟောတယ်။ လူ ၁၃၀၀ ကျော်လောက် တက်တယ်။ အဲဒီမှာ အသစ်ဆွဲလိုတဲ့ သူက ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ၂၅၊ ၃၀ ရာခိုင်နှုန်း လောက် ကတော့ ပြင်ချင် တယ်ပေါ့ ။ ကြိုက်တာကတော့ ဘယ်သူမှ မကြိုက်ကြဘူး" ဟု ဦးကိုနီက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားသည်။

မန္တလေးတိုင်း အနေဖြင့် သဘောထား ကောက်ယူမှုကို အောက်တိုဘာ ၁၄ ရက်တွင် မန္တလေးမြို့ ၊ အောက်တိုဘာ ၁၅ ရက်တွင် မြင်းခြံခ ရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အတွက် တာဝန်ယူထားသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။
"ဒီမှာကတော့ ကျွန်တော်တို့က ပါတီဝင်တွေကိုပဲ အဓိက ရှင်းပြတာ။ တခြားစိတ်ဝင်စားတဲ့ သူတွေလည်း တက်ပေါ့လေ။ ပြီးမှ မြို့နယ်၊ ကျေးရွာတွေအထိ သွားမှာ။

မန္တလေးနဲ့ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်တို့မှာ သဘောထား ကောက်ယူ တာကတော့ ပြင်ချင်တဲ့သူက များတယ်" ဟု ဦးအောင်သိန်းက ပြောကြား သည်။ဧရာဝတီတိုင်း အနေဖြင့် သဘောထား ကောက်ယူခြင်း ကို အောက်တိုဘာ ၁၃ ရက်က မအူပင်ခရိုင်တွင် စတင်ခဲ့ပြီး ဟင်္သာတ၊ ပုသိမ်၊ မြောင်းမြတို့တွင်လည်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း တာဝန်ယူထားသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။

"မအူပင်မှာက ပါတီဝင်တွေကော၊ ပါတီဝင် မဟုတ်တဲ့ ပြည်သူတွေကော တက်ကြတယ်။ အများစုကတော့ ပြင်ချင်တဲ့ဘက်က များတယ်" ဟု ဦးကျော်ဟိုးက ဆိုသည်။ကရင်ပြည်နယ်တွင် ဆန္ဒသဘောထား ကောက် ယူမှုကို အောက်တိုဘာ ၆ ရက် ကတည်းက စတင်နေခြင်း ဖြစ်ကြောင်းနှင့် တရားလွှတ်တော်ရှေ့နေ တစ်ဦးပင်ဖြစ်သူ ဦးဌေးဦး (စိန်ဂျွန်း) က တာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းသို့ ဆန္ဒသဘောထား ကောက်ယူရာတွင် လက်မှတ်ရေးထိုး ကောက် ခံခြင်းမျိုး ပြုလုပ်သွားမည် မဟုတ်ဘဲ ၎င်းတို့၏ အသံများကိုသာ နားထောင်စုစည်း သွားမည်ဖြစ်ကာ နိုင်ငံလုံးဆိုင်ရာ သဘောမျိုး မဟုတ်ဘဲ နှစ်လအတွင်း ရောက်နိုင်သမျှရောက်အောင် ကွင်းဆင်းသွားရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ညွှန်ကြားထားကြောင်း သိရသည်။အဆိုပါ ဆန္ဒသဘောထား ကောက်ယူခြင်းမှ ရရှိလာ သည့် ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ NLD မှ တင်ပြသွား မည်ဖြစ်ပြီး အဆိုပါကော်မတီ အနေဖြင့် လေ့လာ သုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ တင်သွင်းသွားရမည်ဖြစ်ကြောင်း သိရသည်။


Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here