Tuesday, October 15, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ရေးထိုးပွဲတွင် ပါဝင်ရန် သဘောတူထား သည့် RCSS/SSA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွား

0 comments
၁၅.၁၀.၂၀၁၃

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲတွင် ပါဝင်ရန် သဘောတူထားသည့် အဖွဲ့များတွင် တစ်ဖွဲ့အပါ အ၀င် ဖြစ်သော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် အစိုးရတပ်များ တိုက်ပွဲများ ပြန်လည် ဖြစ် ပွားနေကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်းနှင့် နေရာနှင့် မည်သည့်အတွက်ကြောင့် ဖြစ်ပွားနေသည် ဆိုသည်ကိုမူ အတိအကျ မသိရသေးကြောင်း RCSS/SSA ၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးစိုင်းမောင်း က ပြောကြားသည်။ ''တိုက်ပွဲတွေ ပြန်ဖြစ်နေတယ် ဆိုတာကတော့ သေချာပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်တယ်ဆိုတာနဲ့ ဘာကြောင့်ဖြစ်ရတယ် ဆိုတာတွေကတော့ အတိအကျ မသိသေးဘူး'' ဟု ဦးစိုင်းမောင်းက အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

တိုက်ပွဲများ ဖြစ်ပွားသည် ဆိုခြင်းမှာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ကြောင်း၊ မှားပစ်ခြင်း မျိုးကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ နားလည်မှု လွဲခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ တိုက်ပွဲများဖြစ်သည် ဆိုရုံနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေမည်ဟု မပြောနိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

''ဖြစ်နေတယ် ဆိုတာက အောက်က မှားပစ်တာတွေလည်း ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က တိုက်ပွဲဖြစ်တယ် ဆိုတိုင်း ငြိမ်းချမ်းရေးအတွက် ထိခိုက်တယ်လို့တော့ ပြောလို့မရဘူး။ အဲတော့ ဖြစ်ပြီဆိုရင်တော့ တားသင့်တာတား၊ လုပ်သင့်တာ လုပ်ရတော့တာပေါ့။ ဘာကြောင့် ဖြစ်တာလဲ၊ ဘာညာ ပြန်မေးရမှာတွေ ရှိသေးတာကိုး။ ဖြစ်တယ် ဆိုတာကတော့ မှားယွင်းလို့လည်း ဖြစ်နိုင်တာပဲ။ နောက်ပြီး နားလည်မှုလွဲလို့ ဖြစ်တာလည်း ဖြစ်နိုင်တာပဲ။ လက်နက်ပါတဲ့သူ နှစ်ယောက်ကတော့ ဒီလိုမျိုးဖြစ်ဖို့ အလားအလာ အများကြီး ရှိတာပဲ'' ဟု ၎င်းကဆိုသည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမှု အပါအ၀င် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် အကြိမ်ကြိမ် တွေ့ ဆုံပြီး အောက်တိုဘာ လကုန်တွင် အစိုးရဘက်မှ ပြုလုပ်ရန် စီစဉ်နေသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ပါဝင်လက်မှတ် ရေးထိုးရန် သဘောတူထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရပြီး ယခု အဆိုပါ လက်မှတ်ရေးထိုးပွဲ မတိုင်မီ တစ်လခန့် အလိုတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား နေခြင်းဖြစ်ကြောင်း သိရသည်။

စည်းလုံးညီညွတ်ခြင်းနှင့် ယုံကြည်ခြင်းသည် အလွန်အရေးကြီးကြောင်း၊ ညီညွတ်ခြင်းအတွက် ယုံကြည်မှု၊ အသိအမှတ်ပြု မှုနှင့် လေးစားမှုတို့ ရှိရမည်ဖြစ်ပြီး ညီညွတ်မှသာ ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဟု တောင်ကြီးမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တင်သွင်းသော RCSS/SSA အဖွဲ့ စာတမ်းတွင် ထည့်သွင်းထားသည်။


eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here