Tuesday, November 5, 2013

နိုင်ငံရေး၊ စစ်ရေး ဆုံးဖြတ်ချက် မရသေးပဲ ထပ်မံ တွေ့ဆုံရန် ချိန်းဆိုချက် ဖြင့်သာ မြစ်ကြီးနား ဆွေးနွေးပွဲ ပြီးဆုံး

0 comments
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှထိပ်သီး ခေါင်းဆောင်များနှင့်အစိုးရ ပြည်ထောင်စုအဆင့်
ကိုယ်စားလှယ်တို့၏ မြစ်ကြီးနား တွေ့ဆုံ ဆွေးနွေး ပွဲပုံ
5.11.2013

နှစ်ရက်တာ ကျင်းပ ပြီးစီး သွားပြီ ဖြစ်သည့် ကချင် ပြည်နယ် မြစ်ကြီးနား၌ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီး ခေါင်းဆောင် များနှင့် အစိုးရ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ် တို့ တွေ့ဆုံ ပွဲသည် သဘော တူညီချက် တစ်စုံတစ်ရာ မရရှိပဲ နှစ်ဖက် ထပ်မံ တွေ့ဆုံ ကြရန် ချိန်းဆိုချက် ဖြင့်သာ ပြီးဆုံး သွားခဲ့ကြောင်း အစည်းအဝေး တက်ရောက် ခဲ့သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA မှ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူး စိုင်းမိဏ်း ပြောသည်။

“နှစ်ဖက်မှာ ရှိနေ ကြတဲ့မူတွေကို အပြန်အလှန် ဖလှယ် ကြတဲ့ အဆင့်သာ ဖြစ်သွား ခဲ့တယ်။ အစိုးရ အဖွဲ့ ဘက်က ချမှတ် ထားတဲ့မူတွေကို တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင် တွေကို ပေးအပ် ခဲ့သလို တိုင်းရင်းသား ခေါင်းဆောင် အဖွဲ့ ကလဲလိုင်ဇာ သဘော တူညီချက် တွေကို အစိုးရ ကိုယ်စားလှယ် အဖွဲ့ထံ ပြန်ပေးအပ်တဲ့ ပွဲပါဘဲ” ဟု၎င်းမှ ဆိုပါသည်။

ထိုမြစ်ကြီးနား တွေ့ဆုံ ပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထဲမှ (၁) ALP ၊ (၂) ANC/AA ၊ (၃) CNF ၊ (၄) DKBA ၊ (၅) KIO ၊ (၆) KNU ၊ (၇) KNU/KNLA-PC  ၊ (၈) KNPP ၊ (၉) NMSP ၊ (၁၀) LDU ၊ (၁၁) PSLF ၊ (၁၂) PNLO ၊ (၁၃) RCSS/SSA ၊ (၁၄) SSPP ၊ (၁၅) WNO ၊ (၁၆) UNFC တို့၏ ခေါင်းဆောင်များ/ ကိုယ်စား လှယ်များ (၆၀) ဦးခန့် တက်ရောက် ခဲ့ကြ ပါတယ်။

အလားတူ အစိုးရ ကိုယ်စားလှယ် များအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် ဒုဥက္ကဌ ဦးသိန်းဇော်၊ ဝန်ကြီး ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့ လွှတ်တော်၊အမျိုးသား လွှတ်တော်မှ ကိုယ်စားလှယ် (၄) ဦး၊ ကချင် ပြည်နယ် အစိုးရ အဖွဲ့မှ ဗိုလ်မှူးကြီး သန်းအောင်နှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ တို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

ထိုဆွေးနွေး ပွဲသည် အများ မျှော်လင့် ထားသကဲ့သို့ နိုင်ငံရေးနှင့် စစ်ရေး ဆိုင်ရာ အဓိက အချက်များကို သဘော တူညီချက် မရ ရှိခဲ့ပေ။ ဆွေးနွေး ပွဲတွင် လက်နက်ကိုင် တိုင်းရင်းသား စုပေါင်းအဖွဲ့မှ လိုင်ဇာ သဘောတူညီချက် (၁၁) ချက် အချက်ငယ် (၄၂) ချက် တို့ကို တင်ပြ ဆွေးနွေး ခဲ့သည်။

အစိုးရ အဖွဲ့ ဘက်က အပိုဒ် (၁၄) ပိုဒ် အချက် (၂၅) ချက်ပါ စာရွက် (၁၁) ပါရှိသည့် တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုပွဲဆိုင်ရာ မူဝါဒ များကိုတင်ပြ ဆွေးနွေးခဲ့ကြရာတွင် နှစ်ဖက် ပြန်လည် ညှိနှိုင်း မှုများ မရရှိခဲ့သောကြောင့်နောက်ထပ် တွေ့ဆုံရန် အဆင့်ဖြင့် ရပ်ဆိုင်းသွားခဲ့ရသည်ဟု ဆိုသည်။

သို့သော်လည်း တစ်နိုင်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရန် အတွက် တိုင်းရင်းသား အဖွဲ့များမှ လိုအပ်သော ပြင်ဆင် မှုများ ပြုလုပ်ကာ ဒီဇင်ဘာ လအတွင်း ကရင်ပြည်နယ် ဘားအံမြို့၌ အစိုးရ ကိုယ်စားလှယ် များနှင့် နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံရန် ချိန်းဆို ထားကြ ပါသည်။

ထိုတွေ့ဆုံပွဲမှပင်တပြည်လုံးအပတ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ် ရေးထိုးခြင်းဆိုင်ရာနှင့် နိုင်ငံရေး တွေ့ဆုံ
 ဆွေးနွေးရေး မူဘောင် ရေးဆွဲခြင်း၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးခြင်း တို့ကို ထပ်မံ ပြုလုပ် သွားမည် ဖြစ်ကြောင်း နှစ်ဖက် ထုတ်ပြန်သည့် ယနေ့ အောက်တိုဘာလ (၅) ရက်နေ့ ပူးတွဲ ကြေငြာချက်၍ ပါရှိ ပါသည်။

အစိုးရ အဖွဲ့မှ ချမှတ် ထားသည့်လမ်းညွန် မူများ ဖြစ်သော တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဘောင် များနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲများ ကျင်းပခြင်း တို့ကို ဆက်လက် လုပ်ဆောင် သွားရန် လက်နက်ကိုင် တိုင်းရင်းသား (၁၆) ဖွဲ့ တို့က သဘောတူ လက်ခံကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့မှ နိုဝင်ဘာလ (၂) ရက်နေ့ အထိ ကချင် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပသည့် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ ပွဲမှ ရရှိ ထားသည့် သဘော တူညီချက် အတိုင်း လက်နက်ကိုင် အဖွဲ့ အားလုံး ပါဝင်မှသာ လက်မှတ် ရေးထိုးမည် ဖြစ် သည် ဟု ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်း ပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲေးရ ဆိုင်ရာ ညှိနှိုင်းရေး (NCCT) အဖွဲ့မှ နိုင်ဟံသာ က ပြောကြားခဲ့ပြီး ဖြစ်သည်။

ယခု မြစ်ကြီးနား မြို့၌ တွေ့ဆုံ ခဲ့သည့် အပေါ် အစိုးရ ဘက်မှ သဘောထားကို လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များမှလိုင်ဇာ ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်များ အဖွဲ့ ထိပ်သီး တွေ့ဆုံပွဲ တစ်ရပ်ကို ထပ်မံ ကျင်းပပြီး ဆွေးနွေး သွားရန် ရှိနေပါသည်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့ တို့ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ ဘုံရပ်တည်ချက် (၁၁) ချက်ကို အထက်သို့ ထပ်မံ တင်ပြကာ ဆွေးနွေး ရဦးမည် ဖြစ်သည်။

ရွှေဟသာင်္သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here