Friday, November 1, 2013

လွှတ်တော်သမိုင်းမှာ ရုပ်ဆိုးစေခဲ့တဲ့ဖြစ်ရပ် (သို့) သက်ငယ်လိင်အကြမ်းဖက်ခံရမှုအတွက် ပြည်သူတို့၏ ရင်ဖွင့်သံများ

0 comments


 1.11.2013
မြန်မာပြည်မှာ မုဒိန်းမှုဖြစ်ပွားမှုနှုန်းက လူသတ် မှုပြီးရင် ဒုတိယအများဆုံးအမှုအနေနဲ့ ဖြစ်ပွားမှုနှုန်း တက် လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

မုဒိန်းမှုကျူးလွန်သူတွေအနေနဲ့ အရွယ်ရောက် အမျိုးသမီးတွေ ကိုသာမက အရွယ်မရောက်သေး တဲ့ လူမမယ် အရွယ်အသက် ၁၂ နှစ်အောက် ကလေးတွေကို ကျူးလွန်မှု နှုန်းဟာလည်း တိုးလာခဲ့ပြီး တစ်ပြည်လုံး အတိုင်း အတာနဲ့ဆိုရင်တော့ တစ်နေ့ကို နှစ်မှုနှုန်းလောက်နဲ့ ဖြစ်ပွားနေ တာကို သတင်း ထုတ်ပြန်ချက်တွေ အရ သုံးသပ်ရရှိပါတယ်။

အသက် ၁၂ နှစ်အောက်ကလေးငယ်တွေကို ကျူးလွန်ကြတဲ့ သက်ငယ်မုဒိန်းမှုတွေအမှာ့  အသက် ၂ နှစ်အရွယ် ကလေးကိုတောင်မှ ကျူးလွန်ကြတဲ့ မုဒိန်းမှုတွေကိုတွေ့လာရတဲ့အတွက် လိင်အကြမ်းဖက်မှု ကာကွယ် တားဆီးရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်လာရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုလို သက်ငယ်မုဒိန်းမှုတွေ ဖြစ်ပွားနေတဲ့အတွက် သားသမီးငယ်ရှိကြတဲ့ မိဘပြည်သူတိုင်း စိုးရိမ်ပူပင်နေရတဲ့ အတွက် ပြည်သူအများစုက ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိန်းတွေကို ဟန့်တားစေနိုင်တဲ့ ပြစ်ဒဏ်မျိုးကို လိုလားနေကြတာလည်း တွေ့မြင်ရပါတယ်။

`ဒီလိုပြစ်မှုအတွက် ပြစ်ဒဏ်ကတော့ ဘယ်လောက်တောင်အားပျော့နေလို့လဲမသိဘူး၊ အခုဆို ကလေးတွေကိုတောင်မှ ကျူးလွန်နေကြတာဆိုတော့ ကျူးလွန်တဲ့ သူတွေက ဒီပြစ်ဒဏ်လောက် ကိုတော့ မကြောက်ဘူးဆိုတာ သိသာနေပြီ၊ အဲဒီတော့ ကျနော်တို့လို ပြည်သူတွေ အနေနဲ့ ဖြစ်စေချင် တာ ကတော့ ဒီလိုပြစ်မှုတွေကို ထိထိရောက်ရောက်ပြစ်ဒဏ် ချမှတ်ပေးပါ၊ ကျူးလွန်မဲ့ သူတွေ နောက်မကျူးလွန်ခင်မှာ စဉ်းစားကြဖို့အတွက် ထိရောက်တဲ့ပြစ်ဒဏ်မျိုး ပေးစေချင်တယ်၊ ဒါမှသာ ကာကွယ်နိုင်ပါမယ်`လို့ ကမာရွတ်မြို့နယ်က အလယ်တန်းအရွယ် သမီး ၂ ဦးရဲ့ ဖခင်က ပြောဆိုပါတယ်။

ပြည်သူတွေရဲ့ စိုးရိမ်ပူပင်သံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ကလေးသူငယ်မုဒိန်းမှုဆိုင်ရာပြစ်မှုပြစ်ဒဏ်နဲ့ ပတ်သက်ပြီး လွှတ်တော် တွင်း ဆွေးနွေးဖို့ အဆိုကို အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက အဆိုတင်သွင်းခဲ့ပါတယ်။

သို့ပေမဲ့လည်း လွှတ်တော်တွင်းမှာ အဆိုတင်သွင်းဖို့ မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ပေးခဲ့တဲ့ လွှတ်တော်ကိုယ်စား လှယ် ၁၉ဦးသာရှိပြီးကန့်ကွက်ခဲ့ကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကတောက ၃၃၁ ဦး ရှိပါတယ်။ ကိုယ်စားလှယ် ၃၃၁ ဦးကတော့ ဘာကြောင့်များ ကန့်ကွက်ခဲ့ကြတဲ့အတွက် လွှတ်တော်တွင်းမှာ မဆွေးနွေးသင့်ဘူးဆိုတဲ့ အမြင်နဲ့ပဲ ဒီကိစ္စက ရှုံးနိမ့် သွားခဲ့ရပါ တယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းကတော့ ခုလို သုံးသပ်ဝေဖန်ပါတယ်။

`ဒါကိုကြည့်ခြင်းအားဖြင့်ဒါ ကျွန်မတို့လွှတ်တော်ရဲ့သမိုင်းမှာ အင်မတန်ကိုရုပ်ဆိုးတဲ့အဖြစ်လို့ မှတ်ချက်ချရမှာပဲ။ လွှတ်တော် ကိုယ်စာလှယ်ကြီးများလည်း ဒီနေရာမှာလည်းပြန်ပြီးတော့  လေးလေးနက်နက် စဉ်းစားသုံးသပ်စေ လိုပါတယ်။ ဘာ့ကြောင့် ဒီလိုအဆိုမျိုးဟာလွှတ်တော်မှာ မဆွေးနွေးသင့်ဘူး လို့ ဆုံးဖြတ်ခဲ့ကြတာလဲ။ ကျွန်မတို့နိုင်ငံဟာ အခုနကပြောခဲ့သလိုပဲ စီးဒေါ စာချုပ်အပေါ်မှာ နားလည်နိုင်စွမ်းနှုန်းပေါ့နော် ဒီဂရီပေါ့ အဲ့ဒါကအလွန်နှိမ့်ကျနေတယ် ဆိုတာကိုတွေ့ရပါတယ်။ ဒီဖြစ်ရပ်က အင်မတန်ကိုရုပ်ဆိုးပါတယ် အကျည်းတန်းပါတယ် ဒီသက်ငယ်မုဒိန်းမှုတွေကိုထိရောက်ဟန့်တားတဲ့အပြစ်ဒဏ် ပေးဖို့ ဆိုတာဟာ ပညာရှင်တွေကြားထဲမှာပဲဖြစ်စေ လွှတ်တော်ကိုယ်စာလှယ်တွေကြားထဲမှာပဲဖြစ်စေ အုပ်ချုပ်ရေး လူတန်းစားကြားထဲ မှာပဲဖြစ်စေ အများပြည်သူကြားထဲမှာပဲဖြစ်စေ ဒီကိစ္စဟာရှုံ့ချရမယ့် ကိစ္စအပြစ်တင်ရမယ့်ကိစ္စပါ။ ဟန့်တားတဲ့အပြစ်ဒဏ်တွေပေးရမယ့်ကိစ္စ ထင်ရှားတဲ့ကိစ္စဖြစ်သော်ငြား လည်း ဘာ့ကြောင့်လွှတ်တော် ကဆွေးနွေးဖို့ အတွက်ကို ပိတ်ပင်ခဲ့တာလဲဆိုတာ ကျွန်မတို့သမိုင်းကို တော့ ရုပ်ဆိုးအကျည်းတန်အော်မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ် ။

လွှတ်တော်တွင်းကနေ ဒီကိစ္စကို ပြန်လည်ဆွေးနွေးဖို့အတွက် ထပ်မံစဉ်းစားသင့်တယ်လို့ ရပ်ရွာအခြေပြုလူမှုရေး လုပ်ငန်း တွေကို ဦးတည်ပြီးဆောင်ရွက်နေတဲ့  ဦးကျော်သူ (ပေါင်းကူး)ကလည်း သုံးသပ်ဝေဖန်ပါတယ်။

`ဒီကိစ္စက ပြည်သူတွေကြားမှာကြားတယ် ဘာကြောင့်ကန့်ကွက်ကြသလဲဆိုတာ  စဉ်းစားဖြစ်တယ်။ သေဒဏ်ဆိုတာ လူ့အခွင့် အရေးရှုထောင့်ကနေ မဖြစ်သင့်ဘူးလို့ပြောတယ်။  ဒါဆိုရင် တခြားပြစ်ဒဏ်မရှိတော့ဘူးလား ။ သက်ငယ်မုဒိန်းမှုတွေဟာ ရပ်ကွက်ထဲတွေမှာလည်း တွေ့တယ်။ မီဒီယာတွေထဲမှာလည်း တွေ့တယ် ရေးကြတယ်၊ ဒါပေမဲ့ ကလေးတွေ အကာအကွယ် မဲ့နေတယ်။ အထူးသဖြင့်မြန်မာနိုင်ငံကလေးသူငယ်ကာကွယ်စောင့်ရှေက်ရေးကို ထိထိရောက်ရောက်လုပ်ပါ့မယ်ဆိုပြီးတော့ လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ဒါပေမဲ့ လိင်မှုအကြမ်းဖက်မှုတွေကရှိနေတယ် ဒါကိုကာကွယ်ဖို့အတွက်တော့ ပြင်းထန်တဲ့ ဥပဒေလေးတစ်ခုရှိနေသင့်တယ်။  လူတွေကြောက်သွားအောင် ရှိန်သွားလောက်အောင် လုပ်တာတော့ရှိ သင့်တယ်ထင်တယ် ။ ဒါပေမဲ့ လွှတ်တော်မှာ ခုလို ပယ်ချခုံရတယ်ဒါဟာ လွှတ်တော်က ပြည်သူ့အကျိုးကို အမှန်တကယ် ရှေးရှု့ရဲ့လားလို့ တွေးဖြစ်တယ် `

အမျိုးသမီးအဖွဲ့အစည်းများရဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်မေစပါယ်ဖြူကလည်း သူမရဲ့ အမြင်ကို ခုလို သုံးသပ်ပြောဆိုပါတယ်။

`ဒီသက်ငယ်မုဒိန်းမှုအပါအဝင်အမျိုးသမီးတွေကိုအကြောင်းအမျိုးမျိုးနဲ့အကြမ်းဖက် နေတာဟာ တကယ်တော့ ယဉ်ကျေးပါတယ်ဆိုတဲ့မြန်မာ့လူ့အဖွဲ့အစည်းမှာ ဖြစ်နေခဲ့တာအတော်ကိုကြာခဲ့ပါပြီ ဒါပေမဲ့ လည်း မီဒီယာပွင့်လင်းမြင်သာမှု မရှိခဲ့တာကြောင့်ဒါကိုကြီးမားတဲ့ပြဿနာ တစ်ရပ်လို့မမြင်ခဲ့ရတာပေါ့နော် အခုမီဒီယာ ပွင့်လင်းလာတဲ့အခါမှာ ဒါဟာ ကြီးမားတဲ့ပြဿနာကြီးပါလားလို့ မြင်လိုက်ရတာပေါ့နော် ဘယ်လိုပြောရမလဲ ဆိုတော့ အများကြီးနောက်ကျမှ သိရတာထက် စာရင် အခု သိရတာလည်းကောင်း ပါ တယ်ပေါ့ လောလော ဆယ်မှာကျွန်မတို့ဟာယဉ်ကျေးတဲ့အဖွဲ့အစည်းမှာနေနေတာ ဘာသာရေး၊ယဉ်ကျေးမှု၊ ထုံးတမ်း အစဉ် အလာတွေဟာ အမျိုးသမီးတွေကိုအကြမ်းမဖက်အောင် ဘယ်လောက် သွန်တင် ထား တယ်ဆိုတော်ငြားလည်း အမျိုးသမီးတွေကိုအကြမ်းဖက်မှုတွေဟာ လူ့အဖွဲ့အစည်းမှာ ဒီသက်ငယ် မုဒိန်းမှုတွေက အထင်ရှင်းဆုံးဥပမာတွေ ဖြစ်ပါတယ် အဓိ ကတော့ကျွန်မတို့ဟာဒီမုဒိန်းမှုတွေဖြစ်ပွားတာကို ဥပဒေအရ ပြစ်ဒဏ်ပေးဖို့ ကာကွယ်တားဆီးဖို့ ဆိုတာလည်းလုပ်ရမှာဖြစ်ပါတယ်` လို ဒေါ်မေစပါယ်ဖြူက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ခုလို သက်ငယ်မုဒိန်းမှုတွေ ဖြစ်ပေါ်နေပြီးကလေးငယ်တွေ အကာကွယ်မဲ့နေတဲ့ဖြစ်ရပ်နဲ့ လွှတ်တော်တွင်း ကနေ ဆွေးနွေးဖို့ ကန့်ကွက်သူ ကိုယ်စားလှယ် ၃၃၁ ဦး ရှိနေတဲ့ ဖြစ်ရပ်ကိုတော့ AFXB ရဲ့ Country Director ဖြစ် တဲ့ ဒေါ်ကေသီရှိန် ကလည်း ခုလို ပြောဆိုလိုက်ပါတယ်။

`အဲ့ဒီသတင်းကိုကြားတဲ့အချိန်မှာမြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ကျွန်မအရမ်းစိတ်မကောင်း ဖြစ်တယ် ပွင့်ပွင့် လင်းလင်းပြောတာ ဘာကြောင့်လဲဆိုတော့ ကန့်ကွက်မဲများပြီးတော့ ထောက်ခံမဲ ၁၉ မဲပဲရတဲ့ကိစ္စ ဒါဟာကျွန်မတို့အနေနဲ့ ထောက်ခံတယ် ကန့်ကွက်တယ်ဆိုတဲ့စကားမှာ ရှင်းရတော့မယ်လေ ဘာကို ထောက်ခံတာလဲ ဒီလိုမျိုးမတရားတဲ့ကိစ္စကို ဒဏ်ပေးသင့်တယ်ဆိုတဲ့ကိစ္စမှာ ထောက်ခံတာဟာ မှန်သလားမှား သလား ဒါမှမဟုတ်အဲ့ဒီလိုမတရားတဲ့ကိစ္စကို ဒဏ်ပေး ရမယ်ဆိုတဲ့ဟာကို မထောက်ခံဘူးဆိုတဲ့ဟာကိုရော မှန်သလားမှားသလား ကိုယ့်ရဲ့မဲဟာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စာလှယ်တွေရဲ့မဲဟာ ပြည်သူတွေလုံခြုံ မှုကိုထိခိုက်နေတယ် ပြည်သူတွေရဲ့သားသမီးတွေ ထိခိုက်နေတယ် အဲ့ဒါကိုဘာဖြစ်လို့အဲ့ဒါမျိုးတွေးမိတာလဲဆို တာကိုနားမလည်ဘူးရှင့် ။ လွှတ်တော် ကိုယ်စာလှယ်ဆို တာကျွန်မတို့ပြည်သူတွေ ကိုယ်စား ဝင်ပြောပေးနေတာ အဲ့ဒီမှာပြည်သူတွေဖြစ်နေတဲ့ ဒုက္ခပြဿနာကိုကျွန်မတို့ မပြော ရင် ကျွန်မတို့ကိုယ်စားရှေ့ ထွက်ပြောရမဲ့အစား ဒီလိုမျိုး လိင်အကြမ်းဖက်မှု အတွက်ကို သေဒဏ်ပေးတဲ့ အပြစ်မျိုးကိုကျွန်မမပြောဘူး ဒါပေမဲ့ ပြစ်ဒဏ်ကို ဘယ်လောက်ထိပေးမလဲ ပေးသင့်သလဲ ဒါမျိုးကိုကျွန်မ တို့တစ်ခုခုလုပ်သင့်တယ်ထင်တယ်။ ဒါကို Yes(or) No ဟုတ်တယ် မဟုတ်ဘူး ရှိတယ်မရှိဘူး ထောက်ခံတယ်ထောက် မ ခံဘူး အဲ့ဒီအဖြေနှစ်ခုတည်းနဲ့ပြီး သွားတဲ့ကိစ္စမဟုတ်ဘူးရှင့်။  ဒါဟာ လူမှုရေးကိစ္စ အမျိုးသားရေးကိစ္စ။ နောက်ပြီး တော့ကျွန်မတို့နိုင်ငံရဲ့လုံခြုံရေးကို ဖော်ပြတဲ့ကိစ္စ ကျွန်မတို့နိုင်ငံမလုံခြုံဘူးလား ဒီမေးခွန်းကအများကြီးမေးစရာ ပေါပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေဒီလိုဖြစ်နေတာ ကျွန်မတို့ပတ်ဝန်းကျင်မှာ တစ်ခုခုမှားနေပြီရှင့် အဲ့ ဒီမှားနေတဲ့တစ်ခုကို ဘယ်သူရှင်းမှာလဲ ကျွန်မတို့အားလုံးပဲရှင်းရမှာ ကျွန်မတို့ကိုကိုယ်စားပြုတဲ့ ကိုယ်စာလှယ်တွေကပဲ ရှင်းရမှာ သူတို့ရဲ့အင်းအားနဲ့ကျွန်မတို့ရဲ့ဒုက္ခတွေကို ကူညီပေးဖို့ လွှတ်တော်မှာတက်နေတယ်လို့ကျွန်မ ယူဆတာပဲ ကျွန်မအနေနဲ့ ကန့်ကွက်မဲများ ပြီးထောက်ခံမဲနည်းတဲ့အတွက်ကို ကျွန်မစဉ်းစားတာထက်အားလုံး အားလုံးက စဉ်းစားဖို့လိုတယ် ဒီမဲတွေပေးတဲ့လူတွေအားလုံးစဉ်းစားဖို့ လိုသလို အဲ့ဒီလွှတ်တော်မှာမဲပေးခဲ့တဲ့ လူတွေအားလုံးလည်း ပြန်လည် စဉ်းစားကြဖို့လိုတယ် ဒါကြောင့်ခုနကပြောတဲ့လွှတ်တော်မှာ တင်သွင်းသင့်မသွင်း သင့်ခုနကဆရာမမေးတဲ့မေးခွန်း တင်သွင်းသင့် မသွင်းသင့်ဆိုတာ ကျွန်မတို့ရဲ့ဆိုရှယ် Problem ကျွန်မတို့အဲ့ဒီ နေရာမှာမတင်သွင်းရင် ဘယ်မှာတင်သွင်းမလဲရှင် ကျွန်မတို့ နိုင်ငံကြီးကို နိုင်ငံခြားကခုံရုံးမှာတင်သွင်းဖို့မလိုဘူး ကိုယ့်ရဲ့ပြည်တွင်းကိစ္စကိုကိုယ့်ဟာကိုယ် ရှင်းရမယ် ဆိုတော့ ရှင်းစရာ ဘယ်မှာရှိလဲ ဆိုတော့ဒါဟာကျွန်မတို့ အားလုံး မဲပေးတဲ့သူတွေရော မဲပေးခံရတဲ့သူတွေရော ရွေးချယ်ခံရတဲ့သူတွေရော အဲ့ဒီအပြင် ကျွန်မတို့အားလုံး အားလုံးသောသူတွေ အကုန်လုံးဟာ ဒီကိစ္စမျိုးတွေနဲ့ပတ်သက်လာရင် တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဒါနိုင်ငံတော် သမ္မတရှင်းမှ တရားသူကြီးချုပ်ရှင်းမှ တရားသူကြီးရှင်းမှ ရဲလုပ်မှ ဒါမျိုးမဟုတ်ဘူး အားလုံးကတစ်မျိုးသားလုံး တာဝန်နဲ့လုပ်ရမဲ့ကိစ္စ ဒါကျွန်မတို့နိုင်ငံရဲ့လုံခြုံရေး ကိုဖော်ပြနေတာ ကျွန်မတို့နိုင်ငံရဲ့ယဉ်ကျေးမှု ကိုဖော်ပြနေ တာ လူတွေရဲ့ လက်ခံမှုကိုဖော်ပြနေတာ ဆိုတော့ ကျွန်မတို့လူမျိုးကဒါမျိုးလား သိပ်နှမျောစရာကောင်းတယ် ဒါကျွန်မဖြေချင်တဲ့အဖြေပါ။

ဆက်လျက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကိုလေးစားချစ်ခင်လျက်ပါ
BY မေသင်္ကြန်ဟိန်(မြစ်မခ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here