Friday, November 1, 2013

ရွှေပြည်သာစက်မှုဇုန် အတွင်းရှိ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ပိုင် စက်ရုံနှစ်ခု ပတ်ဝန်းကျင်၏ တိုင်ကြားခြင်းခံရ

0 comments
1.11.2013

ရွှေပြည်သာစက်မှုဇုန် အတွင်းရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ စီမံခန့်ခွဲ လုပ်ကိုင်နေသော ငွေပင် လယ်ဇုန် စက်မှုဇုန်မှ ပင်လယ်ငါးမှ တိရစ္ဆာန်အစာ ထုတ်လုပ်သည့် Sea Lord နှင့် Yong Brother စက်ရုံနှစ်ရုံမှာ အနံ့အသက် ဆိုးရွားမှုကြောင့် ပတ်ဝန်းကျင် ပြည်သူများ ၏ တိုင်ကြားခံရကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

''မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က စီမံခန့်ခွဲတဲ့ ရွှေပြည်သာ စက်မှုဇုန်အတွင်း ငွေပင်လယ်ဇုန်က စက်ရုံနှစ်ရုံကို စည်ပင်က မသိဘူး။ ဒါပေမဲ့ အဲဒီစက်ရုံနှစ်ခုက ပတ်ဝန်းကျင်က လူတွေအနံ့အသက် မခံနိုင်လို့ တိုင်ကြားမှ သိခဲ့ရတာ။ အဲဒီစက်ရုံတွေ ဖွင့်တုန်းကလည်း ဌာနအနေနဲ့ မသိဘူး။ စက်ရုံနှစ်ရုံမှာ တစ်ရုံက လိုင်စင်ရှိတယ် ။ နောက်တစ်ရုံက အခုမှလိုင်စင် လျှောက်ထားတုံး။ ဒါကြောင့် လုပ်ငန်း လိုင်စင်ချပေးတဲ့ စီမံရေးရာဌာနကို လိုင်စင်မပေးပါနဲ့ဦး ဆိုပြီး ပြောထားပါတယ်'' ဟု ဦးသန်းလွင်ဦး က ပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်မှုဇုန် ၂၄ ဇုန် အတွင်းရှိ ပုဂ္ဂလိက စက်ရုံများတွင် အနံ့အသက် ဆိုးရွားသည့် စွန့်ပစ်ရေဆိုးများ ထွက်ရှိမှုများနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေပြီး ယင်းလုပ်ငန်းများ ပြီးစီးပါက မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ စက်ရုံများ၊ သမိုင်းရှိ ချည်မျင်စက်ရုံ စသည်တို့ကိုလည်း ၀င်ရောက်စစ်ဆေး သွားမည်ဖြစ်ပြီး စက်ရုံများမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးနှင့် မီးခိုးများကို အဓိကစစ်ဆေးမှုအပြင် အသံဆူညံမှု အပိုင်းကိုလည်း ကြိုတင်အကြောင်း ကြားကာ စစ်ဆေးသွားမည်ဟု ဦးသန်းလွင်ဦးက ဆိုသည်။

ထို့ပြင် လူနေရပ်ကွက်များ အတွင်းရှိ စက်ရုံစာရင်း များကိုလည်း လုပ်ငန်းလိုင်စင် ထုတ်ပေးသော ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ စီမံရေးရာဌာနထံမှ ရယူ၍ ယင်းစက်ရုံများထဲမှ ပတ်ဝန်းကျင် ထိခိုက်စေသည့် စက်ရုံမထိခိုက်သည့် စက်ရုံအမျိုးအစားများ ခွဲခြား၍ ထိခိုက်စေနိုင်သည့် စက်ရုံများကို ၀င်ရောက် စစ်ဆေးသွားရန် ရှိကြောင်းလည်း သိရသည်။ ထိခိုက်စေပါက လုပ်ငန်း လိုင်စင် ပေးခြင်းကို ပိတ်ပေးရန် စီမံရေးရာဌာနသို့ အကြောင်းကြားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here