Tuesday, November 26, 2013

အစိုးရက အခြေခံဥပဒေပြင်ဆင်သုံးသပ်ရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားဟုဆို

0 comments
26-11-2013

အစိုးရအဖွဲ့က၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားကြောင်း သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

““ဒေါ်အောင်ဆန်းစုကြည်က အစိုးရက ဒီ (ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရန်) ကိစ္စကို မပြောဘူး၊ ဒီကိစ္စကို အာရုံမစိုက်ဘူးလို့ ပြောတယ်။ တကယ်တော့ သူ လွဲမှားနေတာပါ။ အဲဒီကိစ္စတွေမှာ ကျွန်တော်တို့ဆီက ၀န်ကြီး ဦးအောင်ကြည် ဦးဆောင်ပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန် လည်ပြင်ဆင် သုံးသပ်တာကို လုပ်နေပါတယ်”” ဟု ၀န်ကြီး ဦးအောင်မင်းက မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် 7Day နှင့် သီးသန့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့သည် လွှတ်တော် အပါအ၀င် နိုင်ငံရေးပါတီများနှင့်ပါ သွားရောက်တိုင်ပင်နေကြောင်း ၀န်ကြီးဦးအောင်မင်းက ထပ်လောင်းပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် မြန်မာအစိုးရနှင့် ဥရောပသမဂ္ဂတို့ ဆွေးနွေးခဲ့ပြီး ထို ကိစ္စ အတွက် ဥရောပသမဂ္ဂအနေဖြင့် ကူညီဆောင်ရွက်ပေးမည်ဟု ဥရောပသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကတ်သရင်း အက်ရှ်တန်က အီးယူမြန်မာ အလုပ်အဖွဲ့ ဆွေးနွေးပွဲများအပြီး သတင်းထောက် များအား ပြောကြားခဲ့သည်။သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ““ကျွန်တော်တော့ မကြားမိဘူး”” ဟု ပြောကြားသည်။““တွေ့ဆုံဆွေးနွေးတယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေသိရမယ်။ နိုင်ငံရေးပါတီဥက္ကဋ္ဌလည်းသိရမယ်ပေါ့။ နောက်ပြီး ကော်မတီနဲ့လည်း တွေ့ရမယ်။ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ကော်မတီအတွင်းရေးမှူးလည်းဖြစ်တော့ တကယ် တမ်းဆွေးနွေးတယ်ဆို သိရမှာပေါ့”” ဟု ဦးအေးမောက်က ထပ်လောင်းပြောကြားသည်။

အစိုးရအဖွဲ့ အနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်နေသည်ဟု ပြောဆိုနေသော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောဆိုလုပ်ဆောင်ခြင်း မရှိသည့်အပေါ်  နိုင်ငံရေး အင်အားစုများ က ဝေဖန်မှုများ ရှိနေသည်။

7Day Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here