Wednesday, November 20, 2013

ကချင် ပြည်နယ်မှ မျက်နှာပြောင် မြေလှန် စစ်ဆင်ရေး အကြောင်း

0 comments


20.11.2013

အစိုးရ၏ စစ်ဆင်ရေးများ အကြောင်းကို လေ့လာ ရာတွင် ကန့်သတ် စစ်ဆင်ရေး၊ ဖြတ်လေးဖြတ် စစ်ဆင်ရေး၊ မြေလှန် စနစ် စစ်ဆင်ရေးနှင့် အလုံးစုံ ဖျက်သိမ်းရေး ဟူသည့် စစ်ဆင်ရေး အမျိုး အစား များ ကို တွေ့ရ ပါသည်။

စစ်ဆင်ရေး သမိုင်းကြောင်း များကို လေ့လာ ရာတွင်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အား စစ်ဆင်ခြင်း၊ ကရင် အမျိုးသား အစည်းအရုံးအား စစ်ဆင် ခြင်းနှင့် ကချင် လွတ်လပ်ရေး အဖွဲ့အား စစ်ဆင်ခြင်း ဟူ၍ နှစ်နှင့် ချီသော စစ်ဆင်ရေး စီမံကိန်း များနှင့် တိုင်းရင်းသား ဒေသ တချို့မှ  ကန့်သတ်နှင့် ဖြတ်လေးဖြတ် စစ်ဆင်ရေး မျိုးများကို တွေ့ရ ပါသည်။

ဗမာပြည် ကွန်မြူနစ် ပါတီသည် စစ်အစိုးရ၏ အဓိက ရန်သူဟု သတ်မှတ် ထားပါသည်။ ဗမာပြည် ကွန်မြူနစ် ပါတီကို နိုင်ငံရေး အရ လည်းကောင်း စစ်ရေး အရ လည်းကောင်း နှစ်ပေါင်း (၃၀) နီးပါး ပြင်းထန်စွာ စစ်ဆင် ခဲ့ပါသည်။ ကွန်မြူနစ် ပါတီကို ကရင် အမျိုးသား အစည်း အရုံး အဖွဲ့နှင့် လည်းကောင်း ကချင် လွတ်လပ်ရေး အဖွဲ့နှင့် လည်းကောင်း၊ လူမျိုးစု လက်နက်ကိုင် ပါတီ များနှင့် အမျိုးမျိုး ရန်တိုက်ပြီး နောက်ဆုံးတွင် ဗကပ တပ်ဖွဲ့၌ ရှိသော   "၀" လူမျိုးရေး များအား သွေးခွဲ မှုဖြင့် ကွဲထွက် စေခြင်း အားဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် လမ်းစဉ်လည်း နိဂုံး ချုပ်စေခဲ့ ပါသည်။

"၀" ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ကိုလည်း ၄င်းတို့ လိုလားသည့် "၀" ပြည်နယ် ပေးမည်ဟု မတင်မကျ မက်လုံးဖြင့် (၁၉၈၉) ခုနှစ်တွင် အပစ်အခတ် ရပ်စဲပြီး နှစ်သိမ့် ထားနိုင် ခဲ့ပါသည်။ ဤအချိန်မှ စ၍ UWSA လည်း ယနေ့ အထိ အစိုးရ တပ်ဖွဲ့ များနှင့် လက်နက်ကိုင် ပဋိပက္ခ လျှော့ပါး ခဲ့ပါသည်။ သို့သော် အစိုးရ တပ်ဖွဲ့သည် ဗကပ အား အဓိက ရန်သူ အနေဖြင့် ရင်ဆိုင် နေရ ချိန်တွင် ဒုတိယ အင်အား ကြီးလာသော ကရင် အမျိုးသား အစည်းအရုံး KNU အား စစ်ဆင်ရန် ပြင်ဆင် လာခဲ့ပါသည်။

ထို့အတူ ကွန်မြူနစ် ပါတီကို အဓိကထား ချေမှုန်း နေချိန်တွင် အစိုးရ တပ်ဖွဲ့ များသည် ကရင် အမျိုးသား အစည်း အရုံး KNU လို အဖွဲ့မျိုးအား နယ်မြေ ထိမ်းသိမ်းရေး အနေဖြင့် ကန့်သတ် စစ်ဆင်ရေး မျိုးသာ ဆင်နွှဲ လာခဲ့ ပါသည်။ သို့သော် (၁၉၈၉) ခုနှစ်တွင် အစိုးရ တပ်များသည် ဗကပ အား အာဏာ သိမ်းလိုက်သော "၀" ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့အား အပစ်အခတ် ရပ်စဲ နိုင်ခဲ့သည့် အတွက် အစိုးရ တပ်များ၏ စစ်ဆင်ရေး ပြင်ဆင်မှု များသည် ကရင် အမျိုးသား အစည်းအရုံး ဖက်သို့ ဦးလှည့် လာနိုင် ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ မျက်နှာမူ လာသည့် အတွက် (၁၉၉၄) ခုနှစ်တွင် KNU အား ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့် စတင် ခဲ့ပြီး နောက်ဆုံး မြေလှန် စစ်ဆင်ရေးဖြင့် အချင်းချင်း သွေးခွဲပြီး အဆုံးသတ် ခဲ့လေသည်။ ဤသို့ကြောင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ပေါ်လာ ခဲ့ပါသည်။ အစိုးရသည် KNU အား အစိပ်စိပ် အမွှာမွှာ ကွဲထွက် သွားစေရန် ကြံဆောင် အောင်မြင် ခဲ့လေသည်။ ထို့အပြင် အစိုးရ တပ်ဖွဲ့ စစ်ဆင်ရေး များ၏ နောက်ဆက်တွဲ အဖြစ် စစ်ဆင်ရေး အချိန်တွင် လူထုအား လူ့အခွင့်အရေး ချိုးဖေါက်မှု စနစ်ဖြင့် တမျိုး၊ တိုက်ပွဲများ ဖန်တီး မှုဖြင့် တဖုံ နေရပ် စွန့်ခွာ ထွက်ပြေး စေရန် ကရင် လူထုအား မောင်းထုတ် ခဲ့မှုကြောင့် ယနေ့ အထိ စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်းနိုင်ငံ နယ်စပ်တွင် တွေ့မြင် နေရဆဲ ဖြစ်ပါသည်။

ထို့အပြင် မိုင်းကွင်းများ ကျန်နေ ခဲ့ခြင်း၊ အချင်းချင်း သွေးကွဲပြီး ကရင် လက်နက်ကိုင် အဖွဲ့ အစည်း မြောက်မြားစွာ ဖြစ်ပေါ် နေခြင်းဖြင့် အင်အား ချိနဲ့ကာ အစိုးရ နိုင်ငံရေး ကစားကွက် ထဲမှ အဖွဲ့ အစည်းမျိုး ဖြစ်လာ ခဲ့သည်ဟု ရှုမြင် နေကြ ပါသည်။ နောက်ဆုံး KNU လည်း UWSA နှင့် မခြား ဖြစ်လာ ခဲ့ရ ပါကြောင်း လေ့လာသူ များက ဆန်းစစ် ကြပါသည်။

 ကချင် လွတ်လပ်ရေး အဖွဲ့ အပေါ် တိုက်ခိုက် လာခြင်း

အစိုးရ တပ်များသည် ဒုတိယ အင်အားကြီး ဖြစ်လာသော KNU အား ချေမှုန်း နေချိန် (၁၉၉၄) ခုနှစ်တွင် အခြား လူမျိုးစု လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ များနှင့် သွေးကွဲ စေရန်လည်း အပစ် အခတ် ရပ်စဲ ခဲ့ပါသည်။ ထိုအချိန်က အပစ်ရပ် သွားသော လူမျိုးစု အဖွဲ့ များသည် KNU နှင့် အတူ (မဒတ) တပ်ပေါင်းစု ၀င်များ ဖြစ်ပါသည်။ ဤအချိန်တွင် KNU သည် အပစ်အခတ် ရပ်စဲရေးကို လက်မခံဘဲ တဖွဲ့တည်း ခံတိုက် လေသည်။ ဤသို့ကြောင့် အထီးကျန် သွားသော KNU အာ မြေလှန် စနစ်ဖြင့် စစ်ဆင်ရန် အခွင့် သာသဖြင့် နောက်ဆုံးတွင် ချေမှုန်း ခံခဲ့ ရပါသည်။

အပစ် အခတ် ရပ်စဲပြီး အစိုးရ ကျင်းပသော (၂၀၀၃) အမျိုးသား ညီလာခံကို တက်ရောက် ခဲ့သော လူမျိုးစု လက်နက်ကိုင် များသည် ၄င်းတို့ တင်ပြသော အချက် များကို အစိုးရ ဖက်က လက်မခံ သဖြင့် စိတ်ဓါတ် ကျရာက အဆင်မပြေ ဖြစ်လာ ခဲ့ပါသည်။ အစိုးရသည် ၄င်းတို့၏ လမ်းစဉ် အတိုင်း အမျိုးသား ညီလာခံ ကျင်းပပြီး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခပ်ကြမ်းကြမ်း ရေးဆွဲ အတည်ပြုကာ (၂၀၁၀) ရွေးကောက်ပွဲကို ကျင်းပ လေတော့သည်။

ထိုအချိန်တွင် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ပေးထားသော တိုင်းရင်းသား အဖွဲ့ များကိုလည်း နယ်ခြား စောင့်တပ်၊ ဒေသခံ ပြည်သူ့ စစ်များ ဖွဲ့စည်း ကြရန် အမိန့်ပေး လေတော့သည်။ လက်မခံသော အဖွဲ့များမှ ပြန်လည် တောခို သွားခဲ့ကြ ပါသည်။

ဤအထဲ ၂၀၁၀ ရွေးကောက်ပွဲ ရလာဒ်နှင့် ကြိုတင်မဲဖြင့် အနိုင်ယူပုံအား မကြေနပ် ရာက (DKBA) သည်၂၀၁၀ ခုနှစ် ဒီဇင်ဘာ လတွင် စတင် တိုက်ခိုက် ခဲ့ပါသည်။ DKBA အား ကန့်သတ် စစ်ဆင် ရေးဖြင့် မျှောထားပြီး ထိမ်းထား ခဲ့ပါသည်။ သို့သော် ဤအချိန်တွင် ကချင် လွတ်လပ်ရေး အဖွဲ့သည် တတိယ အင်အား အကောင်းဆုံး အဖွဲ့ အစည်း ဖြစ်လာ ပေသည်။ လက်နက် အင်အား၊ လူအင်အား၊ နည်းပညာ အင်အားများ တောင့်တင်း လာပြီး နယ်မြေ စိုးမိုး နိုင်ခဲ့ ပါသည်။

ဤသို့နှင့် အစိုးရသည် KIO အား တိုက်ခိုက်ရန် စစ်ရေး ပြင်ဆင်ပြီး၂၀၁၁ ခုနှစ် ဇွန်လတွင် KIA တပ်မဟာ (၃) အား အစိုးရ နယ်ခြား စောင့်တပ် အစီအစဉ်ကို လက်မခံ သဖြင့် စတင် တိုက်ခိုက် လာခဲ့ ပါသည်။ ဤစစ်ဆင်ရေးသည် အစ ပထမတွင် မြောက်ပိုင်းတိုင်း၏ အစီစဉ်ဖြင့် ကန့်သတ် စစ်ဆင်ရေးနှင့် တိုက်ခိုက် ခဲ့ပါသည်။ (၆) လမျှ ကြာလာသော အခါ တိုင်း စစ်ဆင်ရေးဖြင့် မလုံလောက် တော့ပေ။ ဤအချိန်တွင် အစိုးရသည် ပစ်မှတ်ကို ချုပ်လိုက်သည့် သဘောဖြင့် (KNU) ခံခဲ့ရသော အရင် နိုင်ငံရေး နည်းလမ်း အတိုင်း ထပ်မံ အပစ်အခတ် ရပ်စဲရန် ကြေညာ ခဲ့ပြန် ပါသည်။

ဤအချိန်တွင် KIA နှင့် ရှမ်းပြည် မြောက်ပိုင်းမှ ပလောင် တပ်ဖွဲ့ တို့သာ အပစ် မရပ် သေးဘဲ ကျန်နေ ခဲ့ပြန် ပါသည်။ ဤကဲ့သို့ ဖြစ်လာ စေရန် တမင် ဖန်တီး ထားဟန် ရှိပါသည်။ အကြောင်းမှာ KIA နယ်မြေ ထဲသို့ ဖြတ်လေးဖြတ် စစ်ဆင်ရေး တပ်မ အမြောက် အမြားကို စေလွှတ်ပြီးမှ အပစ်ရပ် ခိုင်းသည့် ပုံစံ မျိုးကြောင့်  KIO သည် အစိုးရ၏ စေတနာကို နားလည် ခဲ့ဟန် တူပါသည်။

ဤသို့ကြောင့် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးသည် တိုင်းရင်းသား တို့၏ နိုင်ငံရေး ပြသနာ ကို ဖြေ ရှင်းပေးသည့် သဘော မဟုတ်ကြောင်း ထင်ရှား လာပါသည်။ ထိုအချိန်တွင် KIA သည် အပစ်အခတ် ရပ် စဲရေး ထက် နိုင်ငံရေး ကိုသာ ဆွေးနွေး လိုကြောင်း သဘောထား လာခဲ့ ပေသည်။

အလားတူ အစိုးရ ကလည်း ဖြတ်လေးဖြတ် စစ်ဆင်ရေးမှ မြေလှန် စစ်ဆင်ရေး၊ နောက်ဆုံး အထွေထွေ စစ်ဆင်ရေး အထိ တိုက်ခိုက် လာခဲ့ ပါသည်။ စစ်ဆင်ရေး တပ်များ ကိုလည်း တိုင်းအဆင့်၊ ကစထ အဆင့် မှသည် ကကကြည်း အဆင့် ကွပ်ကဲမှု အထူး စစ်ဆင်ရေး အထိ ဖြစ်လာ ခဲ့ပါသည်။  KIA ကလည်း တိုင်းရင်းသား အရေးကို နိုင်ငံရေး အရ ဖြေရှင်း ပေးရန် တောင်းဆို နေပြီး အစိုးရ တပ်ဖွဲ့ များ၏ စစ်ဆင်ရေး အဆင့်ဆင့်ကို တုန့်ပြန် နိုင်ခဲ့ ပါသည်။

အစိုးရ တပ်များသည် ကြည်းတပ်၊ အမြောက်တပ်နှင့် ပူးပေါင်း စစ်ဆင် နေသော်လည်း မတတ်နိုင် တော့ သဖြင့် နောက်ဆုံး လေကြောင်း ကိုပါ အရှက်နှင့် ကန့်သတ် စစ်ဆင်ရေး အနေနှင့် အသုံးပြု ခဲ့ရ လေတော့သည်။ သို့သော် အစိုးရသည် နိုင်ငံရေး အရ တဖက် တွင် တွေ့ဆုံ ဆွေးနွေး နေသော်လည်း စစ်ရေးကို အထူး စီမံချက်ဖြင့် တိုက်ခိုက် နေ ဆဲ ဖြစ်ပါသည်။ 

 KIO အား ဆက်လက် တိုက်ခိုက် နေမည်

အစိုးရသည် ဗကပ ကို တိုက်ခိုက် ရာတွင် အနိုင် ရရှိ ခဲ့သည့် အပြင် ဖြစ်ပေါ် လာသော UWSA ကိုလည်း အိပ်မွေ့ချ နိုင်ခဲ့ သည်ဟု ဆိုရမည် ဖြစ်ပါသည်။ အလားတူ KNU အား အနိုင် တိုက်ရာ တွင်လည်း အစိပ်စိပ် အမွှာမွှာ ကွဲထွက် စေပြီး အင်အား ချိနဲ့ သွားသည့် အပြင် အချင်းချင်း ပြသနာဖြင့် နိုင်ငံရေး အိပ်မွေ့ချ ထားနိုင် ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အလားတူ တပ်ပေါင်းစု အားကို မကိုးဘဲ မိမိ တဖွဲ့တည်း ရပ်တည် လာခဲ့သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည်  လည်း တိုင်းရင်းသား နိုင်ငံရေး အားမရှိ လှသဖြင့် UWSA နှင့် အစိုးရ တပ်ဖွဲ့ကြား ပြသနာ များ၌ပင် အိပ်မွေ့ အချ ခံထား ရကြောင်း ယူဆ နိုင်ပါသည်။

ဤသို့ကြောင့် အစိုးရသည် အိပ်မွေ့ မချနိုင် သေးသော KIO ကိုမူ ဆက်လက် စစ်ဆင် နေဦးမည် ဖြစ်သည်။ သို့သော် အစိုးရ၏ တိုက်ခိုက် မှုများသည် ရပ်တန်းက ရပ်ရန် ကုလ သမဂ္ဂမှ တောင်းဆို နေသလို  အစိုးရ၏ စစ်ဆင်ရေး အကြံအစည် နှင့် ဖြစ်ပေါ် လာသော  ဒုက္ခသည် များအတွက် ကိုလည်း အမေရိကန် မှ ကူညီ ဦးမည် ဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် အမေရိကန် သံရုံးက ထုတ်ပြန် ကြေညာ ထားပါသည်။

နေပြည်တော် ကက ကြည်းမှ တိုက်ရိုက် ကွပ်ကဲ နေသော KIA တပ်မဟာ (၃) ၊ တပ်ရင်း (၁၂) စစ်ဆင် ရေး သည် KIA တို့၏ ၀ိုင်းပတ် ချေမှုန်း ခြင်းကို ခံခဲ့ ရသလို ပိတ်မိ နေသော နည်းဗျူဟာ အဆင့် စစ်ကြောင်း တပ်ဖွဲ့ များအတွက်  လမ်းကြောင်း ဖွင့်ပေး ပါရန် KIA အား ကကကြည်း ကိုယ်စား မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်က တောင်းဆို ခဲ့ရ ပါသည်။  တောင်းဆို သည့်အတိုင်းပင် KIA တပ်များက ရိုးသားစွာ လမ်းကြောင်း ဖွင့်ပေး ခဲ့ပါသည်။

သို့သော် ကက ကြည်းသည် လမ်းကြောင်း ဖွင့်ပေးသော တပ်များမှ လူနာ များကို သယ်ထုတ်ပြီး လူသူ လက်နက် ရိက္ခာ အင်အားများ ဖြည့်တင်းကာ ပြန်လည် စစ်ဆင် ခဲ့ပြန် ပါသည်။ ဤကဲ့သို့ မကျေ မနပ် စစ်ဆင်မှုကြောင့် ကချင်ပြည်နယ် မံစီ မြို့နယ်မှ ထောင်ပေါင်း များစွာ လူထုများ နေရပ်ကို စွန့်ခွာပြီး ထွက်ပြေး နေရခြင်း ဖြစ်ပါသည်။

မည်သို့ပင် ဆိုစေ ကချင် ပြည်သူ များမူ အစိုးရ၏ နှစ်နှစ်တာ မြေလှန် စစ်ဆင်ရေးကြောင့်  သိန်းနှင့် ချီပြီး နေရပ် ကို စွန့်ခွာကာ ဒုက္ခသည် ဘ၀ ကျရောက် နေခဲ့ ရပါသည်။ ဤသည် အစိုးရ ဖြစ်စေ ချင်သော  စစ်ဆင်ရေး ရလာဒ်ပင် ဖြစ်သည်။ အလားတူ KNU စစ်ဆင်ရေး တွင်လည်း ကရင် ပြည်သူများ သိန်းနှင့် ချီပြီး နေရပ် စွန့်ခွာ စေပြီး ဒုက္ခ ရောက်စေ ခဲ့သည်။

ဤကဲ့သို့သော စစ်ဆင်ရေး နည်းဖြင့် ပြည်သူများ ဒုက္ခသည် ဘ၀ မရောက် စေချင်လျှင် အစိုးရ အိပ်မွေ့ ချသလို နေပါ ဆိုသည့် ရည်ရွယ်ချက်များ  KNU ကိုရော KIA ကိုပါ ပညာပေး နေသလား ထင်ရ နိုင် ပါသည်။

မည်သို့ပင် ဆိုစေ အစိုးရမှ KIO အား နှစ်နှစ် ခွဲခန့် အဆက်မပြတ် စစ်ဆင် လာသည့်တိုင် ယနေ့ အထိ KIA အား အိပ်မွေ့ မချနိုင် သေးသည်ကို ပြသရာ ရောက်ပါသည်။  KIA ၏ စစ်ရေးနှင့် နိုင်ငံရေး အရ ပြတ်သား စွာ ရပ်တည် နိုင်မှုကြောင့် မြန်မာ နိုင်ငံတွင် ပထမ ဆုံးသော လက်နက်ကိုင် တိုင်းရင်းသား များ ကွန်ဖရင့် ကြီးကို ၄င်းတို့၏ ဌာနချုပ် ဖြစ်သည့် လိုင်ဇာ မြို့တွင် သမိုင်းဝင် ကျင်းပ နိုင်ခဲ့သည့် အပြင် အစိုးရ၏ နိုင်ငံရေး လှည့်ကွက် ကိုလည်း ရှောင်ရှား နိုင်ခဲ့ ပါသည်။

မျက်နှာသည် လူတို့၏ စိတ်နေ စိတ်ထားကို ဖေါ်ပြ နိုင်ပါသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ပြီးခဲ့သော နိုဝင်ဘာ (၄) ရက်နေ့က ကျင်းပသည့် မြစ်ကြီးနား မြို့မှ တပြည်လုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အတွက် ညှိနှိုင်း ပွဲမှ တက်ရောက် လာသော အစိုးရ ကိုယ်စားလှယ် များ၏ မျက်နှာ ပေါက်သည် မကြေနပ်မှု များစွာနှင့် ဒေါသ ပေါက်ကွဲ နေပုံ ပေါက် နေကြောင်း သိသာ နိုင်ပါသည်။

ဤသို့ကြောင့် တိုင်းရင်းသား အရေး အတွက် ဦးသိန်းစိန် အစိုးရ တို့သည် ငြိမ်းချမ်း ရေးကို တကယ် တည်ဆောက် နေသော အစိုးရ တရပ် ဖြစ်နိုင် ပါ၏ လောဟု ယုံမှား သံသယ ဖြစ်နေ ခဲ့ပါသည်။ (အဆိုးမြင်တာ ထက် အမှန်ကို တင်ပြနေခြင်း ဖြစ် ပါသည်။ )

(ဖော်ပြပါ ဆောင်းပါး၌ ပါရှိသည့် အကြောင်းအရာ များသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here