Saturday, November 9, 2013

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ် ဒေသတွင် စိတ်ကြွရူးသွပ်ဆေးပြား အဓိက တင်ပို့သည့် နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

0 comments


9.11.2013

အရှေ့နှင့် အရှေ့တောင် အာရှတွင် စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရရှိမှုသည် ၂၀၁၂ ခုနှစ်၌ အများဆုံး စံချိန် တင်ခဲ့ပြီး မြန်မာနိုင်ငံသည် စိတ်ကြွရူးသွပ်ဆေးပြား အဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့က သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂ မူးယစ်နှင့် ရာဇ၀တ်မှုရုံးက ကုလသမဂ္ဂမှ နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောဆိုခဲ့ရာ၌ Amphetamine နွယ်ဝင် Methamphetamines ဆေးများသည် အာရှ-ပစိဖိတ် ဒေသရှိ နိုင်ငံ ၁၃ နိုင်ငံမှ ၁၅ နိုင်ငံတွင် အများဆုံး အသုံးပြုကြသည့် စိတ်ကြွဆေး ဖြစ်သည်ဟု ဆိုသည်။

အာရှ-ပစိဖိတ် ဒေသတွင် ၂၀၁၂ခုနှစ်၌ Methamphetamine စိတ်ကြွဆေးပြား အလုံး ရေ ၂၂၇ သန်း ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ပမာဏသည် ၂၀၁၁ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့သည့် ၁၄၂ သန်း ပမာဏထက် ၅၉ ရာခိုင်နှုန်း မြင့်တက် လာခဲ့ခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ၎င်းပမာဏသည် ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့မှုထက် ၇ ဆ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိရာတွင် တရုတ်နိုင်ငံတွင် ၁၀၂ ဒသမ ၂ သန်းဖြင့် အများဆုံးဖြစ်သည်။ ဒုတိယ အများဆုံး အနေဖြင့် ထိုင်းနိုင်ငံတွင် ၉၅ ဒသမ ၃ သန်း ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၈ ဒသမ ၂ သန်း ဖမ်းဆီးရမိ ခဲ့သည်ဟု မူးယစ်နှင့် ရာဇ၀တ်မှုရုံး၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့မှုသည် ၂၀၁၁ ခုနှစ် ဖမ်းဆီး ရမှုထိ နှစ်ဆဖြစ်ပြီး သမိုင်းတစ်လျှောက် ဒုတိယအများဆုံး ဖမ်းဆီးရမိမှု ဖြစ်သည်။

''မြန်မာနိုင်ငံဟာ ဒေသတွင်း စိတ်ကြွရူးသွပ်ဆေး ဖမ်းဆီးရမိမှုတွေရဲ့ အဓိကပင်ရင်း ဖြစ်နေတုန်းပါပဲ'' ဟု အစီရင် ခံစာတွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်အပြီး ဒုတိယအကြီးဆုံး မူးယစ်ဆေး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့မူးယစ်ဆေး ထုတ်လုပ်မှု၏ ဆယ်ရာခိုင်နှုန်းထိ ထုတ်လုပ်လျက် ရှိသည် ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး စစ်အစိုးရ အုပ်ချုပ်သည့် နိုင်ငံအဖြစ်မှ ရုန်းထွက်နိုင် ခဲ့သော်လည်း မူးယစ်ဆေး ထုတ်လုပ်မှုမှာမူ ယခုအချိန်ထိ မြင့်တက်လျက် ရှိနေသေးသည်။ နိုင်ငံတွင်း မူးယစ်ဆေးအဓိက ထုတ်လုပ်သည့် ဒေသများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နီးကပ်သည့် နေရာတွင် ဖြစ်သည်။ အဆိုပါ ဒေသများတွင် လက်နက်ကိုင် လူမျိုးစုများက အစိုးရကို နှစ်ပေါင်းများစွာ ဆန့်ကျင်တိုက်ခိုက်လျက်ရှိပြီး အစိုးရသည် အဆိုပါ နေရာများကို အနည်းငယ်သာ ထိန်းချုပ်နိုင်စွမ်းရှိသည်။

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွမူးယစ် ဆေးဝါးများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှ တင်ပို့လာခြင်း ဖြစ်သည်ဟု အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုမှာလည်း ၆ နှစ်ဆက်တိုက် နှစ်စဉ်တိုးတက်လာလျက် ရှိနေသည်ဟု ဖော်ပြခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဘိန်းစိုက်ဧက တစ်သိန်းရှိရာမှ ၂၀၁၂ ခုနှစ်တွင် ၁၂၀၀၀၀ ကျော် ရှိလာသည်ဟု ဖော်ပြခဲ့သည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here