Wednesday, November 6, 2013

မန္တလေးတိုင်းဒေသကြီးအစိုးရ လာမည့်ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း လေးသောင်းကျော် ဘတ်ဂျက် လိုငွေပြ

0 comments

Wednesday, November 6, 2013

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လာမည့် ၂၀၁၄-၂၀၁၅ ခုနှစ် ဘတ်ဂျက်ပါ ဌာနအသီးသီး၏ အရအသုံး ခန့်မှန်းခြေငွေ စာရင်းကို ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် အတည်ပြုပေးရန် တင်သွင်းပြီးနောက် ဘတ်ဂျက်လိုငွေ ကျပ်သန်းပေါင်း ၄၇,၄၂၂ ကျော် ရှိကြောင်း အဆိုပါ တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမြင့်ကြူ ကပြော ကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် နိုဝင်ဘာလ ၄ ရက်နေ့ နံနက်က ကျင်းပသော ပထမအကြိမ် မန္တလေး တိုင်း ဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေးတွင် ဝန်ကြီးဒေါက်တာမြင့်ကြူက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။အဆိုပါဘဏ္ဍာနှစ် အတွက် ရသုံးငွေစာရင်းမှာ ပြီးခဲ့သည့်နှစ်ကထက် ပိုသကဲ့သို့ အသုံးစရိတ် များမှာလည်း ပိုမိုလာကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ယင်း၂၀၁၄ -၂၀၁၅ ခုနှစ်ဘဏ္ဍာ ရေးနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းတွင် သာမန်ရငွေ ကျပ်သန်းပေါင်း ၅၄,၂၁၇ ကျော်၊ ငွေလုံးငွေရင်းရငွေ ကျပ်သန်း ၃၇,၅၃၃ ကျော် နှင့် စုစုပေါင်းရငွေ ကျပ်သန်း ၉၂,၃၁၄ကျော် ဖြစ်ပြီး အသုံးစရိတ်မှာ သာမန်အသုံးစရိတ် ငွေကျပ်သန်း ၇၅,၆၃၉ကျော်၊ ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်သန်း ၆၅,၈၃၀၊ ကြွေးမြီ အသုံးစရိတ် ကျပ်သန်း ၁၄၀ နှင့် စုစုပေါင်း ငွေကျပ်သန်း ၁၄၁,၂၂၃
ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးသို့ ဘတ်ဂျက်ဆိုင်ရာ တင်ပြချက် စာရင်းများအရ သိရှိရသည်။

အဆိုပါလာမည့် ၂၀၁၄-၂၀၁၅ခုနှစ် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် လျာထားငွေစာရင်း ရေးဆွဲရာတွင် ပြီးခဲ့သည့်နှစ်က မပါဝင်သော မီးသတ်ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ရေအရင်း
အမြစ်နှင့် မြစ်ချောင်းများ ဦးစီးဌာန၊ မြန်မာ့ လျှပ်စစ်ဖြန့်ဖြူးရေး ဦးစီးဌာန၊ရေအား လျှပ်စစ်စက်ရုံ ၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ရှေးဟောင်းသုတေသနဌာန (မြနန်းစံကျော် ရွှေနန်းတော်ပြင်ဆင်ရေး) စသည့် အသုံးစရိတ်များကိုပါ ထည့်သွင်း ရေးဆွဲရကြောင်း ဝန်ကြီး ဒေါက်တာမြင့်ကြူက ထပ်လောင်းပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွက် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် မီးသတ်ယာဉ် ၃၁ စီးနှင့် ရေသယ်ယာဉ် ၄၀ စီးဝယ်ယူနိုင်ရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးကြည်တိုးက ပြောကြားသည်။မန္တလေးတိုင်း ဒေသကြီးအတွက် လက်ရှိ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း သုံးငွေ ကျပ်သန်းပေါင်း တစ်သိန်းကျော်ရှိပြီး ရငွေမှာ ကျပ်သန်းပေါင်း ရှစ်သောင်းကျော် ရှိကြောင်း မန္တလေး တိုင်းဒေသကြီး သတ္တမအကြိမ်မြောက် လွှတ်တော်အစည်းအဝေး အရ သိရသည်။

ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေးကို နိုဝင်ဘာလ ၄ ရက်နေ့မှစတင် ကျင်းပလျက်ရှိပြီး မေးခွန်း ၂၀၅ ခု မေးမြန်း ဖြေကြားရန်ရှိကြောင်း ယင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်က
ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here