အောင်ကိုဦး|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်
မန္တလေးမြို့ရှိ အဓိက လမ်းမများပေါ်တွင် တည်ရှိသော အစိုးရဌာနဆိုင်ရာရုံးများ၊ လူနေအိမ် အဆောက်အအုံများ ကျုံးမြို့ရိုးနှင့် ကျုံးဘေးပတ်ပတ်လည်ရှိ သစ်ပင်များပေါ်တွင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းကာလ တွင် လျှပ်စစ်မီးများ ထွန်းမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင် က နိုဝင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
ယခုကဲ့သို့ လုပ်ဆောင်ရခြင်းသည် နိုင်ငံတကာမှ ရောက်ရှိလာမည့် ဧည့်သည်များ စိတ်ဝင်စားမှု ရှိစေရန်နှင့် မန္တလးမြို့၏ အလှအပကို ခံစားနိုင်ရန်ဖြစ်သည်ဟုလည်း ဦးမျိုးအောင်က ဆိုသည်။
လျှပ်စစ်မီးများ ထွန်းမည့်နေရာများသည် ကျုံးအရှေ့ဘက်ခြမ်းတွင် ၇၈ လမ်းမှ ၁၉ လမ်းနှင့် ကျုံးတောင်ဘက်ခြမ်းတွင် ၂၆ လမ်းမှ ၆၆ လမ်းအထိ ထွန်းသွားမည်ဖြစ်သည်။
ဦးမျိုးအောင်က “အခုလို မီးထွန်းဖို့ စီစဉ်ဆောင်ရွက်တဲ့နေရာမှာ ကျုံးဘေးတလျှောက် မီးထွန်းတာတွေကိုတော့ စည်ပင်က အကုန်အကျခံပြီး လုပ်သွားမှာပါ။ ကျန်တဲ့ရုံးတို့၊ အိမ်တို့ကတော့ ကိုယ်တိုင် အကုန်အကျခံမှုတွေနဲ့ လုပ်ဆောင်သွား ရမှာပါ”ဟု မဇ္ဈိမကို ပြောသည်။
ယင်းကဲ့သို့ မိမိအစီစဉ်ဖြင့် အလှမီးများထွန်းရန်နှင့် အိမ်မျက်နှာစာ လှပရန်အတွက် လုပ်ဆောင်ကြရန်ကို စည်ပင် သာယာရေးကော်မတီမှ အဓိကလမ်းမများပေါ်မှ အိမ်များကို နိုဝင်ဘာ ပထမပတ်က စတင်၍ အ ကြောင်းကြား ပြီးဖြစ်သည်ဟုလည်း မန်းစည်ပင်မှ သိရသည်။
ထိုသို့ ဆောင်ရွက်ခိုင်းမှုများနှင့် ပတ်သက်၍လည်း မြို့ခံများ၏ ဝေဖန်မှုများလည်း ရှိနေသည်။
ကျုံးဘေး လမ်း ၈၀ ပေါ်တွင် နေထိုင်သူ ဦးမျိုးကိုနိုင်က “ကိုယ့်မြို့ကိုကိုယ် ဂုဏ်တက်စေချင်တာပေါ့။ သူ တို့မပြောလည်း ကိုယ်နည်းကိုယ့်ဟန်နဲ့ လုပ်ကြမှာပါ။ အခုဟာက ခြံစည်းရိုးကအစ ပြန်ပြင်ခတ်ခိုင်းတာ တွေရှိတယ်။ဒါမျိုးကျတော့ အဆင်မပြေနိုင်ပါဘူး။ အကြီးစားပြင်ဆင်မှုတွေကိုတော့ သူတို့က ကျခံသင့် ပါတယ်။ အားလုံး စီးပွားရေး အဆင်မပြေတာ များပါတယ်”ဟု မဇ္ဈိမကို ပြောသည်။
အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမျိုးမြင့်ကမူ “အမေတို့ကတော့ ပြင်ဆို ပြင်လိုက်တာပဲ။ ထွန်းဆိုထွန်းလိုက်မှာပဲ။ ဒီပွဲက ကြုံခဲတယ်လေ ကိုယ့်ကြောင့် မြို့ဂုဏ်ကို မညှိုးနွမ်းစေချင်ဘူး။ ငွေကြေးပြည့် စုံလို့ လုပ်ပေးတာမဟုတ်ပါဘူး။ အားလုံးမှာ တာဝန်ရှိတယ်လို့ ယူဆလို့ပါ”ဟု မဇ္ဈိမကို ပြောသည်။
ယင်းအပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မန္တလေးမြို့အား မြို့အင်္ဂါရပ်နှင့်ညီစေရန် လမ်းတံတားများကို ဆီးဂိမ်းအမီ ပြုပြင်တည်ဆောက်မှုများ အရှိန်မြှင့် ဆောင်ရွက်နေသည်။
Mizzima