Monday, November 4, 2013

လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့်မှုကြောင့် ၀န်ဆောင်စရိတ် တိုးလာသည့်အပေါ် ဈေးနှုန်းတက်ရ တော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က လက်လီလုပ်ငန်းရှင်များသို့ အသိပေး

0 comments

Monday, November 4, 2013

နိုဝင်ဘာလမှ စတင်ပြီး လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် ၀န်ဆောင်စရိတ် တိုးလာသည့်အတွက် ကုန်စည်အချို့ ဈေးနှုန်းတက်၍ ရောင်းချသွားတော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့မှ လက်လီရောင်းချနေသည့် လုပ်ငန်းရှင်များသို့ အသိပေးထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

"မီတာခတွေတက်တော့ ၀န်ဆောင်စရိတ်တွေ တက်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ပစ္စည်းတွေ ကို ဈေးနှုန်းတက်ယူခွင့် ပြုပါရန်ဆိုပြီး လက္ကားသမားကြီးတွေက လက်လီသမားတွေဆီကို စာရွက်တွေ လိုက်ဝေနေတယ်" ဟုလည်း ကုန်မျိုးစုံ လက်လီရောင်းချနေသူ တစ်ဦးက နိုဝင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းသည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျ စရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားအသုံးပြုမှု မှစတင်၍ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် အများပြည်သူ (အိမ်သုံး) တွင် တစ်ယူနစ်မှ ၁၀၀ ယူနစ် အထိ ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့် အထက် ၅၀ ကျပ်၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) အတွက် တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် ၁၅၀ ကျပ်နှင့် အစိုးရဌာနတွင် ရုံးသုံးကို ၅၀ ကျပ်၊ စက်မှုသုံး ၁၀၀ ကျပ်အထိ ဓာတ်အားသုံးစွဲမှု ပမာဏများအပေါ် တွက်ချက်ကာ ဒီဇင်ဘာလမှ စတင်၍ ငွေတောင်းခံလွှာများ ပြုစုတောင်းခံ သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ် ဈေးနှုန်း များ မြှင့်တင်ကောက်ခံမည်ဟု လျှပ်စစ်ဓာတ်အား ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

အစိုးရဘက်က မီတာခ တက်ထားရင် သူတို့ဘက်ကလည်း မီးမပြတ်အောင် တာဝန်ယူပေးတဲ့အပိုင်း၊ မီးအားပြည့်အောင် ဆောင်ရွက်ပေးတဲ့အပိုင်း၊ အလေအလွင့် မဖြစ်အောင် ဆောင်ရွက်ပေးတဲ့အပိုင်း၊ service အပိုင်းကို ဒီထက်ပိုပြီး ကောင်းအောင်လုပ်သင့်တယ်လို့ ထင်ပါတယ်" ဟုလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက . . . . .

"စက်ရုံတွေမှာတော့ မီတာခတက်တော့ ဈေးနည်းနည်း ပြောင်းသွားတာပေါ့။ စက်ရုံတွေကို အခြေပြုပြီး ထုတ်လုပ်ရတဲ့ ပစ္စည်းတွေက ဈေးတက်မှာပေါ့။ ကျွန်တော်တို့ကတော့ အရှုံးခံပြီး ပြန်ရောင်းလို့ မရဘူးလေ။ သဘောကတော့ အရင်တစ်ကျပ်ဆိုရင် အခုငါးမတ် (တစ်ကျပ်တစ်မတ်) ဖြစ်သွားမှာ သေချာတယ်။ ကျွန်တော် တို့ အမှုန့်ကြိတ်စက်ဆိုရင် ၁ ရက်နေ့ကစပြီး နဂိုက ၁၅၀ ယူတဲ့ဟာက အခု ကျပ် ၂၅၀ ဖြစ်သွားပြီပေါ့။ အဲဒီလိုကတော့ လုပ်ငန်းရှင်တိုင်း ပြောင်းသွားလိမ့်မယ်။ မပြောင်းသွားရင် ကျွန်တော်တို့ ဘယ်အဆင်ပြေမလဲ။ ၀န်ထမ်းလစာတွေဆိုလည်း ကျွန်တော်တို့ အများကြီး တိုးပေးထားတယ်။ ဒါပေမဲ့ အဲဒီအတွက် ဈေးတက် ယူထားတာမျိုး မရှိဘူး။ အခု မီတာခတွေ တက်လာတာကိုတော့ ထပ်ပြီးအနစ်နာခံလို့ မဖြစ်တော့ ဘူး။ ဈေးတက်မယူလို့ရှိရင် ကျွန်တော်တို့ ဘယ်လိုမှ မကိုက်တော့ဘူး။ ကျွန်တော်တို့ကတော့ တက်ဖို့လုပ်ထားပြီ။ တက်တယ်ဆိုတာ ပိုပေးရမယ့် မီတာခအတွက် ကာဗာဖြစ်ရုံ လောက်ပါပဲ" ဟုလည်း လှိုင်သာယာ စက်မှုဇုန်ရှိ လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း လတ်တလောတွင် လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိသေးကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် သတင်းထောက် များက မေးမြန်းသည်များကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အစိုးရ အနေဖြင့် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ ကာမိစေရန် ယင်းကဲ့သို့ ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ် လိုက်သော်လည်း ယင်းကဲ့သို့ တိုးမြှင့်ကောက် ခံမှုကြောင့် နယ်ပယ်အသီးသီးမှ ပြည်သူများအတွက် များစွာသက်ရောက်မှု ရှိခဲ့ကြောင်းလည်း သိရသည်။

"မီတာခ ရုတ်တရက် တက်လာတော့ ချက်ချင်းကြီးတော့ ထိခိုက်မှု ရှိလာနိုင်တာပေါ့။ SME လုပ်ငန်းတွေရော အခြားလုပ်ငန်းတွေရောပေါ့။ သို့သော်လည်း အစိုးရဘက်က သူတို့ရှုံးနေတယ် တောက်လျှောက်ပဲဆိုတော့ တိုးမှဖြစ်မယ်။ ကျွန်တော်အနေနဲ့ ပြောရရင် အစိုးရဘက်က မီတာခ တက်ထားရင် သူတို့ဘက်ကလည်း မီးမပြတ်အောင် တာဝန်ယူပေးတဲ့အပိုင်း၊ မီးအားပြည့်အောင် ဆောင်ရွက်ပေးတဲ့အပိုင်း၊ အလေအလွင့် မဖြစ်အောင် ဆောင်ရွက်ပေးတဲ့အပိုင်း၊ service အပိုင်းကို ဒီထက်ပိုပြီး ကောင်းအောင်လုပ်သင့်တယ်လို့ ထင်ပါတယ်" ဟုလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ခန့် မှန်းချက်အရ ပြည်တွင်းသုံးစွဲမှု ပမာဏမှာ တစ်ရက်လျှင် သန်းပေါင်း ၅၉၀ mmcfd လိုအပ်ကြောင်းနှင့် လတ်တလောတွင် တစ်နေ့လျှင် ၂၄၀ mmcfd သာ ပေးနိုင်သေးကြောင်း၊ အလားတူ ရေနံစိမ်း လိုအပ်ချက်မှာ တစ်နေ့လျှင် စည်ပေါင်း ၆၀၀၀၀ လိုအပ်နေပြီး လက်ရှိ အနေထားတွင် ၂၀၀၀၀ သာ သုံးစွဲနိုင်သေးကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် ရှိနေသော လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး ရရှိမှု အပိုင်းတွင် အခက်အခဲ များစွာရှိနေသေးကြောင်း သိရသည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်မည်ဖြစ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here