Friday, November 1, 2013

တောင်ကြီး တန်ဆောင်တိုင် နိုင်ငံခြားသားများကို ဝင်ကြေးမကောက်

0 comments


1.11.2013

ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားများ အထူးစိတ်ဝင်စား သွားရောက် လည်ပတ်လေ့ရှိသော ရှမ်းပြည် နယ် တောင်ကြီးမြို့ရှိ ရိုးရာပွဲတော်ကြီး တစ်ခုဖြစ်သော တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလ အတွင်း နိုင်ငံခြားသားများကို ဝင်ကြေး ကောက်ခံမှုများ ရပ်ဆိုင်းလိုက်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာအခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ပြောကြားသည်။“မနှစ်ကအထိတော့ ကောက်ခံမှု ရှိတယ်။ ဒီနှစ်တော့ မကောက်တော့ဘူး” ဟု ၎င်းကဆိုသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စတင်ကျင်းပလေ့ရှိရာ ၂၀၁၂ ခုနှစ်တွင် ဝင်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်း ကောက်ခံ ခဲ့ကြောင်း၊ ယင်းသို့ ကောက်ခံမှု များ လုပ်ဆောင်မည်ကို ခရီးသွား ကုမ္ပဏီများကို အချိန်နောက်ကျမှ အကြောင်းကြားခဲ့ခြင်းနှင့် ပွဲတော် အတွင်း ရောက်ရှိနေသည့် နိုင်ငံခြားသားများထံမှဝင်ကြေးကိုလိုက်လံ ကောက်ခံခြင်း ဖြစ်သောကြောင့် နိုင်ငံခြား
သား ဧည့်သည်များ စိတ်အနှောင့်အယှက်များ ဖြစ်ကြကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း (အင်းလေးဇုန်) ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ဆိုသည်။

၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့ထိ မီးပုံးပျံ ပြိုင်ပွဲများ၊ မီးကျည်လွှတ်ခြင်းများ၊ မသိုးသင်္ကန်းရက် လုပ်ပူဇော်ခြင်းများ၊ ကထိန်ပွဲတော် ကျင်းပခြင်း များနှင့် ပျော်ပွဲရွှင်ပွဲ များဖြင့် နိုင်ငံတကာ ပွဲတော် တစ်ခုကဲ့သို့ ဖြစ်အောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများကိုခွင့်ပြုမည်မဟုတ်ကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး
 ကော်မတီဝင် တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here