Wednesday, November 20, 2013

တောင်ငူ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို ဖမ်းမိ

0 comments
20.11.2013

တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းတွင် လွန်ခဲ့သော တစ်လကျော်ခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူ စောထွန်းထွန်းကို တောင်ငူခရိုင် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၃ (တောင်ငူခရိုင်) မှ တာဝန်ရှိသူများ၏ အကူအညီဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်က ဖမ်းမိ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြော ကြားသည်။

စောထွန်းထွန်းကို ကျောက်ကြီး မြို့နယ် ပဲခူးရိုးမ တောတွင်း တစ်နေရာတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်း ကေအန်ယူ တပ်မဟာ ၃ တာဝန်ရှိသူများက ဖမ်းမိ ခဲ့ပြီး ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ပို့ဆောင်ခဲ့ကာ ယင်းမှ တစ်ဆင့် တောင်ငူ ခရိုင် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ခရိုင် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆဲ ဖြစ်ကြောင်း အဆိုပါ သံသယ ရှိသူကို သွားရောက် ဖမ်းဆီးရာတွင် လိုက်ပါခဲ့သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သံသယရှိသူ စောထွန်းထွန်းသည် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အရှေ့ဘက် ရှိ တောထဲ တွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ကေအန်ယူတပ်ရင်း တပ်ဖွဲ့ဝင်တစ်ဦး မဟုတ်ကြောင်း KNU တပ်မဟာ ၃ မှ တပ်ရင်းမှူးချုပ် ဗိုလ်မှူးကြီး စောအယ်ကလူသိန်းက ပြောကြားသည်။

ချမ်းမြေ့တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု မဖြစ်မီ နှစ်ရက်ခန့်တွင် သံသယရှိသူ စောထွန်းထွန်း တည်းခို နေ ထိုင်ခဲ့ကြောင်း တည်းခိုခန်း မှတ်တမ်းအရ သိရသော်လည်း ယခု ဖမ်းဆီးခံရသူ ဟုတ် မဟုတ် ကိုမူ မသိရှိကြောင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် တည်းခိုခန်းပိုင်ရှင် ဦးကျော်ဇင်အောင် က ပြောကြား သည်။

တောင်ငူမြို့အမှတ် (၁၇) ရပ်ကွက် ကန်လမ်းချမ်းမြေ့ တည်းခိုခန်း အပေါ်ထပ် အခန်းအမှတ် (၆) တွင် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် ၂၉ နှစ် အရွယ် မီးရထားရဲတပ်သား နေမျိုးကျော်နှင့် အသက် ၂၄ နှစ်အရွယ် မယုခိုင်တို့ သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ဒေါ်ငြိမ်းသူ ဒဏ်ရာရရှိခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း ထံမှ သိရှိရသည်။

KNU စီးပွားရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ စောနေတိုး၏ ခိုင်းစေချက်အရ KNU တပ်ဖွဲ့ ဝင်ဟောင်း စောမြင့်လွင် (ခ) မောထဆိုသူက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးဖောက်ခွဲ မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကုန်သည်ကြီးများ ဟိုတယ် အပါအဝင် နေရာအချို့တွင် ဗုံးဖောက်ခွဲမှုများ ဆက်တိုက် ပြုလုပ်ခဲ့သော ဖြစ်စဉ်များတွင် ပါဝင်သူ ရှစ်ဦးကို ဖမ်းဆီးထားပြီး ဖြစ်သော်လည်း အဓိက ကြိုးကိုင်သူ တရားခံများကို မဖမ်းမိသေးကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဇော်ဝင်းက ပြောကြားခဲ့သည်။

တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ကျောက်ကြီးမြို့နယ် မေတ္တာ ရပ်ကွက်နေသူ စောထွန်းထွန်းကို ပ-၅၃၅/၂၀၁၃၊ ဖောက်ခွဲ (၃) အရ အမှုဖွင့် အရေး ယူ ဆောင် ရွက်ကာ နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့နယ် တရားရုံးသို့ ရမန်ယူရန် ပို့ဆောင် ခဲ့ကြောင်း တောင်ငူ မြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ မြို့ကြီး အချို့တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၇ ရက်အထိ ဗုံးတွေ့ရှိ မှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here