Friday, November 1, 2013

**KIA တပ်စခန်းတခု အစိုးရတိုက်ခိုက်သိမ်းပိုက်**

0 comments


1.11.2013

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) တပ်ရင်း (၃၄) ဒေသ KIA တပ်ခွဲ (၁) တပ်ချထားသည့်လွယ်ခမ်ဘွမ် (Loi Hkam Bum) စခန်းကို အစိုးရတပ်ဖက်မှ မနေ့က ကြာသာပတေး ညနေ ၃ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်းစခန်းမှသိရသည်။

၎င်းအစိုးရတပ်သည် ခလရ တပ်ရင်း (၁၇) အင်အား ၁၀၀ ကျော်၊ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် နှစ်ဖက်တပ်မှ ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ပြီးနောက် KIA မှ နောက်ဆုတ် လိုက်ရခြင်းဖြစ်ကြောင်း တပ်မဟာ (၄) ရှေ့တန်းမှ အမည်မဖော်လိုသော အရာရှိတဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

“၁ နာရီလောက်မှာ အဝေးကနေ လက်နက်ကြီးတွေနဲ့ပစ်လာတယ် ခဏကြာတော့ ခြေကျင်နဲ့ပြန်စစ်ဆင်လာပြီး အပြင်းထန်ဆုံး ပစ်ခတ်တိုက်ခိုက်ကြပြီးတော့မနေ့က နောက်ဆုတ်လိုက်တာပါ ပစ္စည်းတွေကျန်ခဲ့တာမရှိဘူး ဒီလိုပဲဆုတ်သွားတာ”

၎င်းအစိုးရတပ်သည် မိုးကုတ်အခြေစိုက်တပ်ရင်းဖြစ်ပြီး ယခုချိန် ခလရ တပ်ရင်း (၁၇၊ ၉၅) တပ် များ ဆက်လက်လှုပ်ရှား နေကြောင်းသိရသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေးကြောင်း KIA တပ်ခွဲ (၁) မှသိရသည်။

ယခုချိန် အစိုးရတပ်များသည် KIA တပ်ခွဲ (၁) ၏ တပ်စခန်းတွင်နေရာယူထားလျက်ရှိရာ KIA တပ်ဖွဲ့များကလည်း ၎င်းအနီးဝန်းကျင်တွင်ဆက်လက်ရှိနေဆဲဖြစ်ပြီး နှစ်ဖက်တပ်မှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

၎င်း KIA တပ်စခန်းသည် အရေးပါသောနေရာတခုဖြစ်ပြီး ကျောက်မဲ၊ ခင်ခါဘက်မှ ထိုးစစ်လာသော အစိုးရတပ်အား ခုခံတိုက်ခိုက်နေသော နေရာကောင်းလည်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့အားမေးမြန်းခဲ့ရာ စခန်းသိမ်းပိုက်ခြင်းကို မသိရှိရသေးကြောင်း၊ စုံစမ်းနေဆဲဖြစ်သည်ဟုဆိုသည်။

ထိုသို့ဖြင့် အစိုးရနှင့် KIA တပ်များသည် ဆက်လက်ပြီး တပ်မဟာ (၃) မဘိန်းမြို့နယ်တွင်လည်း အစိုးရတပ် နည်းဗျူဟာ(၁) နှင့် KIA တပ်ရင်း (၁၂) ကြား ယမန်နေ့ ညနေ ၄ နာရီမှ မိုးချုပ်သည်အထိ ကောင်ဂျာရွာတွင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ဗျူဟာ ၁ က အင်အား ၃၀ လောက် ကျနော်တို့ရှိတဲ့နေရာကို တိတ်တဆိတ်လာပြီး လာပစ်တာ ကောင်ဂျာရွာက ရွာသား ၆ ယောက် ခန့်နဲ့လာပြီး ရွာသားတွေကို အကာအကွယ်ယူပြီး လာပစ်တာဟုတ်တယ်” KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး လဘန် ဂျွန်းအောင် (Major Labang Jawn Awng) KNG ကချင်သတင်းဌာန သို့ပြောသည်။

ယခုချိန် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ ကြား လမ်းများပိတ်ပြီး နှစ်ဖက်တပ်မှ နေရာကွက်ကျား တိုက်ခိုက်မှုများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

တဖက်တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်ထိပြုလုပ်မည့် တနိုင်ငံလုံးအတိုင်းတာအပစ်ခတ်ရပ်စဲရေးကိစ္စဆွေးနွေးမည့် Ethnic Armed Organizations Conference တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို KIO ဌာနချုပ် လိုင်ဇာမြို့တွင် ပြုလုပ်နေဆဲဖြစ်သည်။

သို့သော် ရှေ့တန်းစခန်းများတွင် ထိုသို့ နှစ်ဖက်စစ်ရေးများတင်းမာလာနေသောကြောင့် ဆွေးနွေးပွဲနှင့် ၄င်းတို့လုံခြုံရေးအတွက် တာဝန်ရှိသူများက တစုံတရာထိခိုက်မည်ကိုစိုးရိမ်ပူပန်နေကြသည်။

KNG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here