Monday, December 2, 2013

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် ဧည့်သည်တော် အမေရိကန်နှင့် ဥရောပ သမဂ္ဂ သံအမတ်ကြီးများ ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

0 comments



၂.၁၂.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်း အဝေး ခန်းမတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် အတွင်း ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရန် အတွက် ရန်ပုံငွေရရှိရေးအလှူရှင်နိုင်ငံ ကိုယ်စားလှယ်များဖြစ်သည့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ ဥရောပသမဂ္ဂ သံအမတ်ကြီးများ တွေ့ဆုံပြီး ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ရှမ်းပြည်နယ် မူး/စိတ်/တား ဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးကိုယ်စား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(ပထမတန်း) ဒုရဲမှူးကြီး လှိုင်တင့်၊ ရှမ်းပြည်နယ် မူး/စိတ်/တား တွဲဘက်အတွင်းရေးမှူး ရဲမှူး စောလေးဝါးနှင့် ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ပြီး အလှူရှင်နိုင်ငံ ကိုယ်စားလှယ်များဘက်မှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Mr.Derek J.Mitchell ၊ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E Mr.Roland Kobia ၊ UNODC(ရုံးချုပ်)မှ Chief Technical Advisor. Mr. Jochen Wiese၊ ရန်ကုန် UNODC မှ Country Manager Mr. Jason Eligh ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဗဟိုမှ ညွှန်မှူး(နိုင်ငံတကာ) ရဲမှူးကြီး မြင့်အောင်နှင့် UNODC မှ ကွင်းဆင်း ကြီးကြပ်ရေး အရာရှိ ဦးစိုင်းအောင်ကျော်ဝင်း ပါ စုစုပေါင်း ၆ ဦးတို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ရှေ့ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးမှ အလှူရှင်နိုင်ငံ ကိုယ်စားလှယ် များအား နွေးထွေးပျူငှာစွာ ကြိုဆိုမိတ်ဆက် စကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး များနှင့် ဌာနဆိုင်ရာ အရာရှိများမှ တစ်ဦးချင်းမိတ်ဆက်စကားပြေားကြားကြပါသည်။ ၎င်းနောက် မူးယစ် (ဗဟို) ညွှန်မှူး(နိုင်ငံတကာ) ရဲမှူးကြီး မြင့်အောင်မှ ဧည့်သည်တော် သံအမတ်ကြီး များ လာရောက် ရသည့်ခရီးစဉ် အကြောင်းရင်းနှင့် ရှမ်းပြည်နယ် အတွင်း ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်မည့် အစီအမံ များကို ရှင်းလင်းဆွေးနွေးခြင်း၊ သံအမတ်ကြီးများအား တစ်ဦးချင်း မိတ်ဆက် ပေးခြင်း များ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် မူး/စိတ်/တား ဒုဥက္ကဌ ကိုယ်စား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(ပထမတန်း) ဒုရဲမှူးကြီး လှိုင်တင့်မှ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးနှိမ် နင်းရေး ဆောင်ရွက် မှုများအား အကျယ် တ၀င့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများမှ ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေသည့် လိုအပ်ချက်များအား ဆွေးနွေးခဲ့ပါသည်၊ ဆက်လက်၍ သံအမတ်ကြီးများမှ ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက် ၍ ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ရှင်းလင်းဆွေးနွေး ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲမှာ ၁၂၁၅ အချိန် တွေ့ဆုံ ဆွေးနွေးပွဲ ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ၁၂၃၀ အချိန် ဘိန်းအစားထိုးစီမံကိန်းများ လေ့လာ ရန်နှင့် ဒေသခံ များအား တွေ့ဆုံရန် တို့အတွက် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

အိုက်ကောင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here