Thursday, December 26, 2013

အာရှလမ်းမကြီး (ကရင်ပြည်နယ်လမ်းပိုင်း) ၂၀၁၄ မတ်လတွင် အပြီးသတ်မည်

0 comments
26.12.2013

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့သို့ ဆက်စပ်လျက်ရှိသည့် သံဖြူဇရပ် ဘုရားသုံးဆူလမ်းဟောင်းကို အာရှလမ်းမကြီးအဖြစ် ပြန်လည်ဖောက်လုပ်လျက်ရှိရာ ၂၀၁၄ မတ်လတွင် အပြီးတည်ဆောက်နိုင်ရန် စီမံချက်ချမှတ်ထားသည်ဟု တာဝန်ယူ ဆောက်လုပ်နေသည့် ရွှေချောင်းဆုံ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

သံဖြူဇရပ်- ဘုရားသုံးဆူလမ်းဟောင်းသည် ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့မှ ဖောက်လုပ်ခဲ့သောလမ်းဖြစ် ပြီး ယခုအခါ ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အာရှလမ်းမဟူသည့် အမည်ဖြင့် ဖောက်လုပ်နေခြင်းဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်များရှိသည့် နယ်မြေများဖြစ်ပြီး ဖောက်လုပ်ဆဲရှိသည့် လမ်းမကြီးတွင် ဖြတ်သန်းသွားလာခွင့် မပြုသေးသော်လည်း လက်ရှိတွင် ကရင်လက်နက်ကိုင်အဖွဲ့များ ဖြတ်သန်းသွားလာခြင်း ရှိနေသည်ဟု DKBA ကလို့ထူးဘော စစ်ဌာနချုပ်၊ အထူးတပ်ဖွဲ့မှ ဗိုလ်ကြီးစောအေ၀မ်းက ပြောသည်။

လမ်းမကြီးမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များဖောက်လုပ်ခဲ့စဉ်က လှည်းလမ်းတစ်ခုစာ သာရှိပြီး ၂၀၁၃ အောက်တိုဘာလမှစကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖောက်လုပ်ရန် တိုင်းရင်းသားဒေသရှိ ကုမ္ပဏီ များဖြင့် သဘောတူညီခဲ့ကြကာ ပေ ၄၀ အကျယ် မြေသားချဲ့ထားသည်။

လုပ်ငန်းသဘောတူညီခဲ့သည့် အောက်တိုဘာတွင် ရာမည၊ Dragon Power၊ မန်းပြည်ဒဂုံ၊ King Gene- ral၊စွမ်းအားပြည့်၊ရွှေချောင်းဆုံ၊ မြတ်လေးဟိန်း၊ Three K Star Power ကုမ္ပဏီရှစ်ခုနှင့် ပြည်သူ့ဆောက် လုပ်ရေးအဖွဲ့ နှစ်ဖွဲ့တို့ ပူးပေါင်းကာ စတင်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပူးတွဲလုပ်ဆောင်နေသည့် ကုမ္ပဏီရှစ်ခုနှင့် ပြည်သူ့ဆောက်လုပ်ရေး နှစ်ခုတို့မှ လမ်းအရှည်ကို တာဝန်များခွဲဝေယူကာ ဆောင်ရွက် ကြခြင်းဖြစ်သည်။

ကုမ္ပဏီတစ်ခုကို လေးမိုင်မှ ငါးမိုင် အသီးသီး တာဝန်ယူထားကြရာ စုစုပေါင်း ကုမ္ပဏီ ရှစ်ခုမှ ၃၉ မိုင်နှင့် ပြည်သူ့ဆောက်လုပ်ရေးက ၂၅ မိုင် တာဝန်ယူထားသည်။

လက်ရှိအချိန်အထိ လမ်းချဲ့ကာ မြေဖို့ခြင်းလုပ်ငန်းများ ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ပေ ၄၀ အကျယ် မြေသားတာပေါင်များ၊ တစ်ကြောင်းထိုး ပေ ၆၀ လုပ်ငန်းများ ပြီးစီးနေပြီဟု လမ်းဖောက် လုပ်ရာတွင် တာဝန်ယူ ဆောင်ရွက်နေသည့် ရွှေချောင်းဆုံကုမ္ပဏီမှ ဦးဆန်းထွန်းက ပြောသည်။ လမ်းမအား AC ကတ္တရာဖြင့် စတင်ခင်းမည်ဖြစ်သည်။

ထို့နောက် ပြည်သူ့ဆောက်လုပ်ရေးမှ မြေသားအမာခံ တာပေါင်လမ်းများအား တာဝန်ယူ လုပ်ဆောင် ပြီး နောက်ဆုံးအဆင့်အဖြစ် အာမခံ AC နိုင်လွန်ကတ္တရာများ ပြန်ခင်းမည်ဖြစ်သည်။ လမ်းပိုင်းအား ကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ချမှတ်ပေး ထားသည့် လမ်းမြေပုံဒီဇိုင်း များဖြင့် လမ်းသိပ်သည်းမှု၊ တာပေါင်အမြင့်များအား ဆောက်လုပ်နေခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဘတ်ဂျက် အဖြစ် နိုင်ငံတော်မှ ၄ ဒသမ ၂ ဘီလီယံ ချထားပေးသည်။

ကရင်ပြည်နယ်အတွင်း အာရှလမ်းမကြီး ဖောက်လုပ်နေရာ နယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်ပြီး ၂၀၀၇ ခုနှစ်က လမ်းမကြီး ဖောက်လုပ်ခဲ့မှုကို KNU က တားမြစ်ခဲ့သေး သည်။ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတွင် KNU နှင့် အစိုးရတပ်မတော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီးနောက် အဆိုပါ အာရှလမ်းမကြီးစီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ခြင်း ဖြစ် သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here