Wednesday, December 18, 2013

ဗီယက်နမ် ရေကြောင်းလုံခြုံရေး အကူအညီပေးမည်ဟု အမေရိကန်ပြော

0 comments


18.12.2013

ဗီယက်နမ်နိုင်ငံ၏ ရေကြောင်း လုံခြုံရေးကို အကူအညီ ပေးမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကတိပြု ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင် ရန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အရှေ့တောင်အာရှ နိုင်ငံများသို့ သွားရောက် လည်ပတ်လျက် ရှိပြီး ဗီယက်နမ်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများ၏ ရေကြောင်း ကင်းလှည့်မှု လုပ်ငန်းများကို အကူအညီ ပေးနိုင်ရန် ဒေါ်လာ ၃၂ ဒသမ ၅ သန်း အကူအညီ ပေးမည်ဟု ကတိပြုလိုက်သည်။
“တောင်အာရှဒေသတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုရရှိဖို့က ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေး လုပ်ငန်း ပါ။ ရေပြင်ပိုင်နက်အတွင်း တရားဥပဒေ စိုးမိုးအောင် မလုပ်ဆောင်နိုင်ရင် ဘယ်ဒေသမှ လုံခြုံမှာ မဟုတ်ဘူး ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုက ပေးအပ်မည့် ရေကြောင်း အကူအညီများတွင် လေ့ကျင့် သင်ကြားမှုများနှင့် အမြန်ကင်းလှည့်ရေး ယာဉ်များ ပါဝင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တောင်တရုတ် ပင်လယ်တွင်းရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးကို တရုတ်နိုင်ငံက အခိုင်အမာ တောင်းဆို လာသဖြင့် ဒေသတွင်း နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်စသည့် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ အကြား၌ တင်းမာမှုများ ပေါ်ပေါက်လာချိန်တွင် ယခုကဲ့သို့သော ရေကြောင်း အကူအညီပေးမည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းနိုင်ငံများကို အမေရိကန် ပြည်ထောင်စုက ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိပြီး အာရှဒေသ သို့ ပြန်လည် ဗဟိုပြုရေး မူဝါဒများ ချမှတ်ကျင့်သုံးလျက် ရှိသော်လည်း အမေရိကန်ပြည်တွင်း နိုင်ငံရေး အရှုပ်အထွေးကြောင့် မျှော်မှန်း ထားသလောက် လုပ်ဆောင်နိုင်ခြင်း မရှိပေ။

တရုတ်နှင့် ဗီယက်နမ် နိုင်ငံများသည် ၁၉၇၉ ခုနစ်တွင် နယ်စပ်စစ်ပွဲတစ်ရပ် ဖြစ်ပွားခဲ့ပြီး လက်ရှိ ကာလတွင်လည်း တောင်တရုတ် ကျွန်းစုများ ပိုင်ဆိုင်ရေး၊ ရေနံတူးဖော် ရှာဖွေရေး၊ ငါးဖမ်းခွင့်အရေး များနှင့် ပတ်သက်ပြီး တင်းမာမှုများ မကြာခဏ ပေါ်ပေါက်လျက် ရှိသော နိုင်ငံနှစ်ခု ဖြစ်သည်။

ထို့ကြောင့် နယ်မြေပိုင်ဆိုင်ရေးတွင် အကြမ်းဖက်မှုနှင့် အတင်းအကျပ် နည်းဗျူဟာများ အသုံးပြုခြင်း ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင် ထပ်မံထုတ်ဖော် ပြောကြားလိုက်သည်။

ဗီယက်နမ်နိုင်ငံကို အကူအညီ ပေးအပ်မှုသည် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကို တန်ပြန်လုပ်ဆောင်ခြင်း မဟုတ်ဘဲ ယခင်ကာလများကတည်းက ကြိုတင် စီစဉ်ထားသည့် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက် မှု မြှင့်တင်ရေး အစီအစဉ် တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း ဂျွန်ကယ်ရီက ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here