Thursday, January 9, 2014

မိုင်းတုံတွင် ဘိန်းခင်းများ ဖျက်ဆီးနိုင်ရေး တိုင်းတာ

0 comments
9.1.2014

မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသော ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ဘိန်းခင်း ဖျက်ဆီးရေး အတွက် ဇန်နဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ တိုင်းတာရေး ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှဦးစိုင်းအောင်ကျော်ဝင်းက The Voice သို့ ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ် ၂၀ ကို တစ်မြို့နယ်လျှင် သုံးရက်နှုန်းဖြင့် ဘိန်းအထွက်နှုန်း တိုင်းတာရေး လုပ်ငန်း ပြုလုပ်မည်ဖြစ်ရာ လက်ရှိတွင် မိုင်းတုံမြို့နယ် အတွင်းရှိ လွယ်ချီလိတ်၊ ပါချီးနဲ့ မိုင်းကန်ဒေသ များတွင် တိုင်းတာခဲ့ကြောင်း၊ ရှမ်းပြည်နယ်တွင် တိုင်းတာပြီးပါက ကချင်ပြည်နယ် အတွင်း ဆက်လက် တိုင်းမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ဘိန်းတိုင်းတာရေး လုပ်ငန်းအပြင် ဘိန်းခင်းဖျက်ဆီးရေး အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ ဖွဲ့စည်းထား သည့်အတိုင်း ဖျက်ဆီးရေး အဖွဲ့များ သွားရောက်ဖျက်ဆီးရန် ဆောင်ရွက်လျက် ရှိကြောင်း ကျေးရွာအုပ်စုများဖြစ်သည့် မိုင်းကန်၊ မိုင်းဟန်၊ လွယ်ခမ်းလုံ၊ ဟိုပန်နှင့် နမ့်ဟူးခွန်များသို့ အဖွဲ့ငါးဖွဲ့ ဖွဲ့စည်း၍ ဘိန်းခင်းများကို ဖျက်ဆီးမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ထွန်းက ပြောကြားသည်။

ယခုနှစ် ဘိန်းစိုက်ရာသီ အတွင်း လက်ရှိ ဒေသပေါက်ဈေးမှာ တစ်ပိဿာ ကျပ်ငွေ ၁၂ သိန်းခန့်အထိ ရှိသဖြင့် ယခင်နှစ်ပေါက်ဈေး ကျပ်ရှစ်သိန်းထက် ပိုမိုကြောင်း ဘိန်းစိုက်တောင်သူများ ထံမှ စုံစမ်း သိရှိ ရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း ဘိန်းထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်း တိုးလာပြီး မက်ထရစ်တန်ချိန် ၈၇၀ အထိ ရှိလာကြောင်း၊ ဘိန်းစိုက်ပျိုးမှု၏ ၉၂ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ဖြစ်ပြီး ကျန် ၈ ရာခိုင်နှုန်းမှာ ကချင်ပြည်နယ်တွင် ဖြစ်ကြောင်း UNODC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မိုင်းတုံမြို့နယ် အနေနှင့် ၂၀၁၂/၂၀၁၃ ခုနှစ်အတွင်း ဘိန်းခင်း ၁၀၀ ဒသမ ၇ ဧကအား ဖျက်ဆီးနိုင်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ ရုံး စာရင်း ဇယားများ အရ သိရသည်။

The Voice  Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here