Friday, January 17, 2014

မြန်မာနိုင်ငံသားများအတွက် သုံးနှစ်သက်တမ်းရှိ အကြိမ်ကြိမ် ဝင်ထွက် သွားလာနိုင်သောဗီဇာ ဂျပန်အစိုးရ စတင်ထုတ်ပေး

0 comments
17.1.2014

ဂျပန်အစိုးရက မြန်မာနိုင်ငံသားများအတွက် သုံးနှစ်သက်တမ်းရှိ ဂျပန်နိုင်ငံသို့ အကြိမ်ကြိမ် ဝင်ထွက် သွားလာနိုင်သော ပြည်ဝင်ခွင့်ဗီဇာ (multiple-entry visa) ကို စတင်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ သုံးနှစ်သက်တမ်းရှိ ပြည်ဝင်ခွင့် ဗီဇာကို ဂျပန်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ကုန်သွယ်မှု များနှင့် ဖလှယ်မှုများ ပိုမိုပြုလုပ် လာနိုင်စေရန်နှင့် ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်း ပိုမိုအားကောင်း လာစေရန်အတွက် ရည်ရွယ်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်လို့သည့် မြန်မာနိုင်ငံသားများ အနေနှင့် ယခင်က သတ်မှတ်ထားသော ခရီးစဉ်တစ်ခုအတွက် ပေးဆောင်ရမည့် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ ကို ပေးဆောင်ရုံဖြင့် သုံးနှစ်သက်တမ်းရှိ အကြိမ်ကြိမ် ဝင်ထွက် သွားလာနိုင်သော ပြည်ဝင်ခွင့် ဗီဇာကို ရရှိ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ ဗီဇာဖြင့် သုံးနှစ်သက်တမ်းအတွင်း တစ်ကြိမ်လျှင် ၁၅ ရက်ကြာ ဂျပန်နိုင်ငံတွင် သွားရောက် နေထိုင်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၅၄ ခုနှစ်က ပင် သံတမန် ဆက်ဆံရေး စတင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ၁၁ ခုမြောက် ကုန်သွယ် ဘက်နိုင်ငံ ဖြစ်လာသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အထောက် အပံ့ ဖြစ်စေရန်အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်သည့် အတိုးနှုန်း သက်သာသော ဖွံ့ဖြိုးရေး ချေးငွေ များ၊ အထောက် အပံ့များ၊ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက် ရှိသည်။


The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here