Friday, January 17, 2014

မူးယစ်ဆေးစွဲနေသူများအား ပြည်သူလူထုအခြေပြုသည့် ဆေးကုသမှုလုပ်ငန်းဖြင့် ဆေးဖြတ်ပေးမည်ဖြစ်ပြီး လာရောက်ဆေးဖြတ်သူများအား အရေးယူမည်မဟုတ်

0 comments
17.1.2014

မူးယစ်ဆေးဝါးစွဲနေသူများအား ပြည်သူလူထုအခြေပြုသည့် ဆေးကုသမှုလုပ်ငန်းများဖြင့် ဆေးဖြတ်ပေး
မည်ဖြစ်ပြီး ဆေးစွဲနေသည့် လူနာများ လာရောက်ဆေးဖြတ်ပါက ဖမ်းဆီးအရေးယူမည်မဟုတ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးစွဲနေသူများမှာ ဆေးဖြတ်လိုလျှင် သက်ဆိုင် ရာဆေးရုံး၊ဆေးခန်းများသို့ သွားရောက်ကာ ဆေးဖြတ်နိုင်သည့်အပြင် မကြာမီက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်သူ
လူထု အခြေပြုသော ဆေးဖြတ်ပေးသည့်နေရာများတွင်လည်း သွားရောက်ဆေးဖြတ်နိုင်ကြောင်း သိရ သည်။

“ပြည်သူလူထုအခြေပြုတဲ့ ဆေးဖြတ်တဲ့ လုပ်ငန်းကိုဆောင်ရွက်နေတယ်။ တချို့ ဆေးစွဲတဲ့လူနာတွေက အစိုးရဌာနတွေကို လာရမှာကြောက်ကြတယ်။ဥပမာ ဆေးရုံတွေ၊ဆေးခန်းတွေကိုပေါ့။ကျွန်တော်တို့က သူတို့ရပ် ရွာမှာပဲ ကျွမ်းကျင်တဲ့ ဆေးကုတဲ့ ဆရာဝန်တွေနဲ့ အင်န်ဂျီအိုတွေနဲ့ ပူးပေါင်းပြီး ဆေးဖြတ်ပေးနေ ပါတယ်။ အဲဒါတော့ သူတို့အနီးဆုံးလာနိုင်တဲ့ ရွာတွေမှာ စာသင်ကျောင်းတို့၊ အများပိုင်တဲ့ အဆောက်အအုံတွေမှာ စုပြီးဆေးဖြတ်ပေးနေတယ်။ အဲဒါတော့ အလုပ်အကိုင်မပျက် ဆေးဖြတ် ခွင့်ရတာပေါ့။ ဆေးစွဲနေသူတွေ ဆေးလာဖြတ်မယ်ဆိုရင် ဖမ်းဆီး အရေးယူတာတွေမရှိပါဘူး။ မူးယစ်ဆေးဝါးသုံးစွဲသူ ကဆေးဖြတ်ချင်တယ် ဆိုရင် အနီးဆုံး ဆေးကုဂေဟာတွေမှာ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင် ရင် ဆေးဝါးကုသလို့ရတယ်”ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်သိန်း က ပြောကြားသည်။

အဆိုပါ ပြည်သူလူထုအခြေပြုသော ဆေးဖြတ်ပေးသည့်လုပ်ငန်းအား ရှမ်းပြည်နယ်အတွင်းရှိ လားရှိုးနှင့် တာချီလိတ်တို့တွင် စတင်ကုသပေးနေ ပြီဖြစ်ကြောင်း ရဲမှူးကြီးမြင့်သိန်းက ဆက်လက်ပြော ကြားသည်။ ဆက်လက်ပြီး ၂၀၁၄ ခုနှစ်အတွင်းတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများသောဒေသများသို့ သွားရောက်ကာ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆေး စွဲနေ သူများကိုလည်း ဆေးကုသမှုခံယူရန်အတွက် ဆွေးနွေးစည်းရုံးမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို)မှ အတွင်းရေးမှူး ဦးမြင့်ခိုင် က ပြောကြားခဲ့သည်။ကချင်ပြည်နယ်အတွင်းတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် နေ့စဉ် တစ်ယောက်နီးပါး ဖမ်းဆီးခံနေရကြောင်း သတင်းများအရ သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here