Thursday, January 9, 2014

ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေး ယခုလထဲ စတင်မည်

0 comments


ရှမ်းတိုင်းရင်းသားများလူဦးရေစာရင်း ကောက်ယူရေးအတွက် ငွေကြေးသုံးစွဲမည့်ပမာဏ ကျပ် သိန်းပေါင်း ထောင့်ခြောက် ရာကျော် ခန့်မှန်း


9.1.2014


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း စသည့် ရှမ်းပြည် တစ်ဝန်းလုံးတွင် နေထိုင်ကြသည့် ရှမ်းတိုင်းရင်းသား လူဦးရေ စာရင်း ကောက်ယူရေးနှင့် ရှမ်းပြည်နယ်အတွင်းနေထိုင်သူ စုစုပေါင်း လူဦးရေစာရင်း ကောက်ယူရေးစသည်တို့အတွက် "ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေ စာရင်း ကောက်ယူရေးကော်မတီ"(ဗဟို)မှ သင်ကြားပို့ချသော သင်တန်းကို ယနေ့ ဇန်န၀ါရီလ(၈)ရက် နံနက်ပိုင်းမှစ၍ တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုရှိ ၀မ်လုံဘုန်းကြီးကျောင်းထဲ၌ စတင်ပို့ချ လျှက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းအား "ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေ စာရင်း ကောက်ယူရေးကော်မတီ"(ဗဟို)မှ အဖွဲ့ခေါင်းဆောင်ဖြစ် သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံဖေ နှင့် အဖွဲ့မှ လာရောက်သင်ကြား ပို့ချပေးတာဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်နှင့် မြို့နယ်ခွဲ (၁၄)မြို့နယ်တို့မှ သင်တန်းသား/သူ အယောက်(၁၀၀)၀န်းကျင်တို့မှ မိမိတို့၏ မြို့နယ်များတွင် ပြန်လည်၍ ဆင့်ပွား သင်တန်းပေးနိုင်ရန်အတွက် လာရောက် လေ့လာသင်ယူတာ ဖြစ်ကြောင်း သိရသည်။

"ရှမ်းပြည်နယ်ထဲက ရှမ်းတိုင်းရင်းသားတွေရဲ့ စာရင်းကို ရှမ်းပြည်တစ်ပြည်လုံးကောက်မှာပါ၊ ရှမ်း တိုင်းရင်းသား အမှန်ဖြစ်စေရေးအတွက်ပါ၊ တစ်ချို့က ရှမ်းဖြစ်ပြီး၊ မှတ်ပုံတင်မှာ အဖွဲ့အစည်းတွေရဲ့ ဆွဲသွင်းခံရမှုကြောင့် ရှမ်းကနေ ပအိုဝ်းလို့ အမည်ခံထားရတာမျိုး၊ ဗမာလို့ အမည်ခံ ထားပြီး ဖြည့်ထား တာမျိုးတွေ ရှိနေပါတယ်၊ ရှမ်းဆိုရင် ရှမ်းပဲဖြစ်ရမှာပါ၊ အဲ့လိုမျိုးတွေကို စိစစ်ကောက် ယူပြီးတော့ ရှမ်းလူမျိုးဆို ရှမ်း အဖြစ်၊ ပအိုဝ်းဆို ပအိုဝ်း စသည်ဖြင့် အမှန်ပြန်ပြင်ပေးဖို့ဖြစ်ပါတယ်"ဟု အဆိုပါအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဖြစ်သူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းမောင် က တာချီလိတ် အွန်လိုင်းသို့ ရှင်းပြသည်။

"ခုချိန်ထိ ရှမ်းပြည်နယ်ထဲမှာ အိမ်ထောင်စု စာရင်းတွေ မှတ်ပုံတင်တွေ မလုပ်ရသေးတဲ့ လူတွေ ရှိသေးတယ်၊ တော်တော်ဝေးတဲ့ ရွာတွေထဲမှာပေါ့၊ ကျွန်တော်တို့ ကော်မတီက စာရင်းကောက်လို့ရပြီဆိုရင် မှတ်ပုံတင်မရှိသေးတဲ့ လူတွေ အိမ်ထောင်စုစာရင်း မရှိသေးတဲ့ လူတွေ ကို ဆောင်ရွက်ပေး ဖို့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြသွားမှာဖြစ်ပါတယ်"ဟု ၎င်းမှာ ဆက်လက်ရှင်းပြသည်။

ရှမ်းပြည်နယ်အတွင်း၌ အဆိုပါ ကော်မတီမှ လူဦးရေစာရင်း ကောက်ယူရာတွင် ရှမ်းတိုင်းရင်းသား တစ်မျိုးတည်းအတွက်ကို မဟုတ်ပဲ ရှမ်းပြည်နယ် အတွင်း၌ နေထိုင်လျှက်ရှိသည့် ကျန်တိုင်းရင်းသား များကိုလည်း စာရင်းပြုစုသွားမှာဖြစ်ပြီး အများနှင့် လက်လှမ်းဝေးနေသည့် ဒေသများရှိ ရွာများမှ လူဦးရေများကိုလည်း အတိအကျရရှိရေးနှင့် မှတ်ပုံတင်မရှိက ပြုလုပ်ပေးရေး စသည်တို့ကို အဓိက ပြု လုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းကောက်ယူမှုကို ဇန်န၀ါရီလ၏ နောက်ဆုံး အပတ်တွင် စတင်၍ ဆောင်ရွက်တော့ မှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁)လလုံး အထူးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် သတ်မှတ်ကာလကိုတော့ သုံးလလျာထားကြောင်း အဖွဲ့ခေါင်းဆောင် ဦးစိုင်းသန်းမောင်၏ ပြောဆိုချက်အရ သိရသည်။

ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးအတွက် ဗဟိုမှ ရှမ်းပြည် နယ် မြောက်ပိုင်း ကျောက်မဲ၌ သင်တန်းပို့ချရာ သင်တန်းသား သင်တန်းသူ (၂၁၆)ဦးရှိခဲ့ပြီး ရှမ်းပြည် နယ် တောင်ပိုင်း နမ့်ဆမ် မှာတော့ သင်တန်းသား သင်တန်းသူ (၂၅၁)ဦး နှင့် ယခု ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပပြုလုပ်ရာ သင်တန်းသား သင်တန်းသူ (၁၀၀)၀န်းကျင် လာရောက် လေ့လာ သင်ယူခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးအတွက် ကုန်ကျ မည့် ငွေကြေးနှင့် ပတ်သက်၍ "ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကုမ္ပဏီကြီးတွေ ဥပမာ KBZ တို့လိုပေါ့၊ ရှမ်းပြည်နယ်အတွင်း အကြီးစားလုပ်ငန်းရှင်းတွေ ကနေ လိုအပ်တဲ့ ငွေကြေးအတွက် အကူအညီတောင်း ပြီး ဆောင်ရွက်သွားမှာပါ၊ ကျွန်တော်တို့ တစ်မြို့နယ်ကို (၃)လအတွင်း ခန့်မှန်း ကျပ် သိန်း(၂၀)အသုံးပြုဖို့ လျာထားပါတယ်။ ရှမ်းပြည်နယ်တစ်ခုလုံး (၈၄)မြို့ဆိုတော့ ကျပ်သိန်းပေါင်း ထောင့်ခြောက် ရာကျော် လောက် ကုန်နိုင်ဖွယ်ရှိပါတယ်"ဟု အဖွဲ့ခေါင်းဆောင် ဦးစိုင်းသန်းမောင်မှ ရှင်းပြသည်။

တာချီလိတ်မြို့နယ်တွင် ပြုလုပ်သော အဆိုပါ သင်တန်းအား ဇန်န၀ါရီလ(၈)ရက်မှ (၁၀)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းပြီးမြောက်သွားပါက ယင်းကိစ္စအား ယခုလ၏ နောက်ဆုံးအပတ်၌ စတင်မှာ ဖြစ်ကြောင်း သိရှိရသည်။

Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here