Thursday, February 13, 2014

ဒုတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံတွင် တိုင်းရင်းသား မီဒီယာကွန်ရက် ထူထောင်ရေး ဆွေးနွေးမည်

0 comments
13.2.2014

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ထုတ်ဝေနေသော ဒေသန္တရ မီဒီယာများ ပါဝင်ဆွေးနွေးမည့် ဒုတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံတွင် တိုင်းရင်းသား မီဒီယာများ ကွန်ရက် ထူထောင်နိုင်ရေး အတွက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း ယင်းညီလာခံ ကျင်းပရေး အဖွဲ့ဝင် ဦးကြည်ဇော်လွင် က ပြောကြားသည်။

အဆိုပါ ညီလာခံကို မတ်လ ၄ ရက်မှ ၆ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျင်းပမည် ဖြစ်ပြီး တိုင်းရင်းသား မီဒီယာကွန်ရက် ဖွဲ့စည်းပုံနှင့် သတင်းလွတ်လပ်ခွင့် ဆိုင်ရာများကို ဆွေးနွေးရန် အဓိက ဦးတည် စီစဉ်ထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ပထမအကြိမ် ညီလာခံမှာ ဒီကွန်ရက်ဖွဲ့ဖို့ အစပျိုးခဲ့တာဆိုတော့ ဒီတစ်ကြိမ်မှာ ဖွဲ့နိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု ဦးကြည်ဇော်လွင်က ဆိုသည်။

ယင်းအပြင် ညီလာခံ၌ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝ သယံဇာတဆိုင်ရာ ပြဿနာများကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်ပြီး မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ပါဝင် တက်ရောက်ဖွယ် ရှိကြောင်း ညီလာခံ အစီအစဉ်များအရ သိရသည်။

ယင်းညီလာခံကို သျှမ်းသံတော်ဆင့် သတင်းဌာန၊ ရိုးမအလင်း မီဒီယာနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သတင်းအဖွဲ့ (Buram News International) တို့ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူအချို့၊ လွှတ်တော် အမတ်များနှင့် နိုင်ငံတကာ သတင်းစာဆရာများ၊ ပြည်တွင်း သတင်းစာ ဆရာများ တက်ရောက်မည် ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။ 

ပထမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့၌ ၂၀၁၃ ခုနှစ် ဧပြီလ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့ကြောင်း၊ မီဒီယာ ဌာနကြီးများအနေနှင့် တိုင်းရင်းသားဒေသမှ အခြေအနေများနှင့် တိုင်းရင်းသား မီဒီယာများ၏ ဖွံ့ဖြိုး တိုးတက်ရေးကို လက်တွဲ ကူညီပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ဒေသတွင်း သတင်းမီဒီယာ လုပ်ငန်းများကို လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပြုရန် စသည့်အချက်များ ထုတ်ပြန် တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here