Tuesday, February 18, 2014

ထိုင်းဆန်ကုမ္ပဏီများ မြန်မာ့ဆန်ဈေးကွက်ကို စိတ်ဝင်စားသော်လည်း တရားဝင်ကမ်းလှမ်းမှုမရှိသေး

0 comments
18.2.2014

မြန်မာနိုင်ငံ၏ဆန်စပါးထုတ်လုပ်ရောင်းချမှုကဏ္ဍများတွင် ထိုင်းဆန် စပါး ကုမ္ပဏီများအနေဖြင့် ဖက်စပ် ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စား မှုများ ရှိနေသည်ဟုဆိုသော်လည်း လက်တွေ့နယ်ပယ်တွင် အကျိုးဖြစ် ထွန်းနိုင်သည့် တရားဝင်ကမ်းလှမ်းမှုများဖြင့် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်အသင်းချုပ်သို့ ဆက် သွယ်ခြင်း မရှိသေးဟု အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာစိုးထွန်း က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောသည်။

ထိုင်းနိုင်ငံမှ ဆန်စပါးကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှလုပ်ငန်းရှင် များနှင့်ပူးပေါင်းကာ ဆန်စပါး ထုတ်လုပ် ရောင်းချမှုကဏ္ဍများကို ကျယ်ပြန့်စွာဆောင်ရွက်ရန် ကြိုးပမ်းနေကြလျက်ရှိသည်ဟု ဖေဖော်ဝါရီ ၁၁ ရက်က စီအန်အေသတင်းဌာနတွင် ရေးသားဖော်ပြ လိုက်ခြင်းနှင့် စပ်လျဉ်း၍ မဇ္ဈိမ၏မေးမြန်းမှု အပေါ် ဒေါက်တာစိုး ထွန်းက အထက်ပါအတိုင်း ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ဒေါက်တာစိုးထွန်းက “လက်ရှိ (ဖေဖော်ဝါရီ ၁၇ ရက်)အထိတော့ ဆန်စပါးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းလုပ်ဖို့ တရားဝင် ကမ်းလှမ်းလာတာမျိုး လုံးဝမရှိသေးပါဘူး။ သူတို့ဘက် မှာ ပြင်ဆင်နေ တာမျိုးက တော့ မပြောတတ်ဘူးပေါ့လေ ။ နောက်တစ်ချက်က ထိုင်းက မြန်မာကိုပူးပေါင်းရင် သူတို့ရဲ့ဆန်ဈေးကွက် ကို မျှဝေပေးရမှာဆိုတော့ မဖြစ်နိုင်လောက်ဘူးလို့တော့ ထင်ရပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၁ ဒသမ ၂ သန်း ၀ယ်ယူမည့်စာချုပ် တစ်ရပ်ကို တရုတ်နိုင်ငံက ဇန်န၀ါရီလကုန် ပိုင်းတွင် ပယ်ဖျက်လိုက်သဖြင့် ထိုင်းနိုင်ငံတွင် ဆန်တန်ချိန်များစွာ ရှိနေသောကြောင့် ဆန်စပါးကဏ္ဍများ တွင် ထိုင်းက မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းရန် မဖြစ်နိုင်သေးကြောင်း ဒေါက်တာ စိုးထွန်းက ယင်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က “ထိုင်းက ဆန်စပါး ကုမ္ပဏီတွေနဲ့ ဆွေးနွေး ထားတယ်ဆိုတာက ဆန်စက်လုပ်ငန်းရှင်များအသင်းမှာ ပါတဲ့ နှစ်ဖက် လုပ်ငန်းရှင် တွေ တွေ့ဆုံတဲ့အဆင့်ပဲရှိပါသေးတယ်။ ဘယ်လိုလုပ်ကြမယ်ဆိုပြီး တရားဝင်အတိအ ကျပြောတဲ့ အထိ တော့ မရောက်သေးပါဘူး။ တကယ်တမ်း ပူးပေါင်းလုပ်ကိုင်ဖြစ်ရင်တော့ ထိုင်းက ကမ္ဘာကို တင်ပို့ရောင်းချ နေတဲ့ဆန်တွေ အထဲမှာ မြန်မာက လဲ ဈေးကွက်ဝေစုတချို့လောက် ရနိုင် ဖို့တော့ မျှော်လင့်ထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ခြင်းကြောင့် နှစ်နိုင်ငံဆန်စပါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မည်ဟုဆိုသော်လည်း ၎င်းတို့၏ဆန်ဈေးကွက်ကို မြန်မာတို့အတွက်မျှဝေပေး ရန်ကိစ္စမှာမူ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်းက မဇ္ဈိမကိုပြောသည်။

ဦးသောင်းဝင်းက “ထိုင်းကဆန်မှာ ပို့ကုန်လုပ်နေတဲ့ နိုင်ငံတစ်နိုင် ငံဖြစ်တဲ့အတွက် ကိုယ့်ဆီကို (မြန်မာနိုင်ငံ ကို) သူတို့ရဲ့ ဈေးကွက်ဝေစု မျှပေးပါ့မလား။ တကယ်တမ်းရောင်းရင် သူတို့ရဲ့ဆန်ကိုပဲ ရောင်း မှာပေါ့။ ဒါက အကြမ်းဖျင်းစဉ်းစားတဲ့သဘောပါ။ ဆန်စက်လုပ်ငန်းရှင် အသင်းက လုပ်ငန်းရှင်တွေ အချင်းချင်းတွေ့တဲ့ အ နေအထားမျိုးပဲ ဆိုတော့ အတိအကျတော့ ဘာမှမပြောနိုင်သေးပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ အာဆီယံနိုင်ငံများဆိုင်ရာ ဆန်စပါးကဏ္ဍအဖွဲ့Asian Rice Federationညီလာခံတစ်ရပ် အား ကျင်းပမည်ဖြစ်ရာ အဆိုပါညီလာခံ တွင်ဖြစ်ပေါ်လာမည့် ဆန်စပါးကဏ္ဍအခွင့်အလမ်းများကို စောင့် ကြည့်ရန်လိုအပ်ကြောင်း ဆန်စပါးလုပ်ငန်းရှင်များကပြောသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here