Tuesday, February 18, 2014

ခိုင်မာသည့် အပစ်ရပ်ရေး စာချုပ်ဖြစ်ရေး အစိုးရကိုဖိအားပေးရန် ကုလကိုယ်စားလှယ် ထံ ကေအိုင်အို တောင်းဆို

0 comments
18.2.2014

ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး စာချုပ် ဖြစ်ပေါ်လာစေရေး အတွက် ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာက မြန်မာနိုင်ငံ အစိုးရကို ဖိအားပေးရန် ကေအိုင်အို ခေါင်းဆောင်များက လိုင်ဇာ သို့ ရောက် ရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားထံ တောင်းဆို ခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးအင်ရှန်း ဆန်အောင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စား လှယ် လိုင်ဇာမြို့သို့ သွားစဉ် ကေအိုင်အို ဥက္ကဋ္ဌနှင့် ကေအိုင်အေ စစ်ဦးစီးချုပ် အပါအဝင် ကေအိုင်အို ဗဟို ကော်မတီ လူကြီးအချို့နှင့် တစ်နာရီကြာ တွေ့ဆုံချိန်တွင် ယင်းသို့ တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကေအိုင်အိုအနေနှင့် မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော်လည်း နိုင်ငံရေး လမ်းစဉ်သို့ မရောက်ရှိနိုင်ခဲ့သည့် အပြင် ၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုထားသည့် အစိုးရနှင့် ကေအိုင်အို အပစ်အခတ် ရပ်စဲရေး စာချုပ် ပျက်ပြယ် သွားခဲ့ရသည့် သာဓကများ ရှိထားသည့် အတွက်ကြောင့် လည်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

“ကေအိုင်အို ဗဟို ကော်မတီ လူကြီးတွေ တော်လှန်ရေး စတင်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ လက်ရှိ တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေတွေကို ရှင်းပြခဲ့တယ်။ မစ္စတာ ကင်တားနားက ကေအိုင်အိုက တင်ပြတာတွေကို လာနားထောင်တဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

လိုင်ဇာသို့ ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ကေအိုင်အို ထိန်းချုပ် နယ်မြေရှိ ဂျေယန်းနှင့် ဖွန်လွန်ယန် ဒုက္ခသည် စခန်းသို့ သွာရောက် လေ့လာခဲ့ပြီး စစ်ရှောင် မိသားစုဝင်များကို နေရပ်သို့ ပြန်လိုစိတ် ရှိ မရှိ မေးမြန်းခဲ့ကြောင်း မစ္စတာ ကင်တားနား၏ လိုင်ဇာ ခရီးစဉ်တွင် လိုက်ပါခဲ့သူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) ဝင် တစ်ဦးက ဆိုသည်။

မစ္စတာ ကင်တားနား၏ ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ကာ ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများ အရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စား လှယ် သောမတ် အိုဟေး ကင်တားနား၏ ၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်သွင်းမည့် အစီရင်ခံစာတွင် ကေအိုင်အို အဖွဲ့အစည်းနှင့် ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်း အခြေအနေများကို ထည့်သွင်း တင်ပြမည်ဟု ဆိုကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here