Thursday, March 13, 2014

မြစ်ဆုံစီမံကိန်းအပေါ် ဒေသခံတစ်ထောင်ကျော် ကန့်ကွက်မဲပေး

0 comments
13.3.2014

ကချင်ပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်သော ဧရာဝတီ မြစ်ဆုံဒေသတွင် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က တည်ဆောက်မည့် ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းအပေါ် သဘောတူ လက်ခံခြင်းရှိ၊ မရှိ မတ်လ ၁၂ ရက်နေ့က ဆန္ဒခံယူခဲ့ရာ မြစ်ဆုံ အနီးဝန်းကျင် ကျေးရွာများရှိ ဒေသခံ တစ်ထောင်ကျော်က ကန့်ကွက် မဲပေးခဲ့ကြောင်း ယင်းပွဲကို စီစဉ်သူ မြစ်ဆုံ အရေးလှုပ်ရှားသူ ဒေါ်ကိုင်ဆိုင်းက ပြောကြားသည်။

အောင်မြင်သာ စံပြကျေးရွာရှိ ကက်သလစ် အသင်းတော် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ခဲ့သော ဆန္ဒ ခံယူပွဲတွင် မြစ်ဆုံ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော မလိယန်၊ တန်ဖရဲ၊ ကျိန်ခ ရန်နှင့် အောင်မြင်သာ စံပြကျေးရွာတို့မှ အသက် ၁၈ နှစ်နှင့် အထက်ဆန္ဒမဲ ပေးနိုင်သူ ၁၁၆၀ ဦးက ဆန္ဒမဲ ပေးခဲ့ရာ မြစ်ဆုံ စီမံကိန်းအပေါ် ကန့်ကွက်မဲ ၁၀၈၄ မဲ၊ ထောက်ခံမဲ ၄၃ မဲနှင့် ပယ်မဲ ၃၃ မဲ ရရှိခဲ့သည့်အတွက် ဆန္ဒမဲပေးသူ ၉၅ ရာခိုင်နှုန်းခန့်က မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်ခဲ့ကြောင်း ဆန္ဒခံယူပွဲ စီစဉ်သူများထံမှ သိရသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရာတွင် ဒေသခံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းက သဘောတူညီခဲ့ပြီး စီမံကိန်းကြောင့် ရွှေ့ပြောင်းရသော ဒေသခံ များကိုလည်း လျော်ကြေးငွေ များ ပြည့်ပြည့်ဝဝ ပေးအပ် ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတကာမှ သိရှိနိုင်ရန် မီဒီယာများမှတစ်ဆင့် သတင်းလွှင့်ခြင်း၊ စာအုပ်များ ထုတ်ဝေခြင်းတို့ကို တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံ မှု ကော်ပိုရေးရှင်း (CPI) က ပြုလုပ်သော်လည်း အမှန်တကယ် မဟုတ်ကြောင်းကို ဒေသခံ လူထုများထံမှ ဆန္ဒခံယူခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ကိုင်ဆိုင်းက ပြောကြားသည်။

“CPI က သူတို့ကို ထောက်ခံတဲ့ လူနည်းစုဆီက အသံကိုယူပြီး ဒေသခံအားလုံးက ထောက်ခံတယ် ဆိုတဲ့ပုံစံနဲ့ ကမ္ဘာကို ကြေညာထားတယ်။ ဒီနေ့ဒီလို ဆန္ဒခံယူပွဲ လုပ်လိုက်တော့ အမှန်ကိုသိရပြီ။ မြစ်ဆုံ ပတ်ဝန်းကျင်ကျေးရွာ အားလုံးပေါင်း လူဦးရေ ၈၀ ရာခိုင်နှုန်းလောက်က ဆန္ဒမဲ ပေးခဲ့တယ်။ တချို့လူတွေက ခရီးသွားနေလို့ တချို့လူတွေကတော့ ကြောက်လို့ မဲမထည့်တာမျိုးတွေ ရှိတယ်။ ဒီနေ့ ရခဲ့တဲ့ ဆန္ဒမဲရလဒ်ကို ကမ္ဘာကသိအောင် ချပြမယ်” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်နေသူများမှာ ဧရာဝတီ မြစ်အောက်ပိုင်းတွင် နေထိုင်သူများနှင့် နိုင်ငံရေးကို ခုတုံးလုပ်နေသည့် အဖွဲ့အစည်းများသာ ဖြစ်ကြောင်း အစီရင်ခံစာများ ထုတ်ပြန်ထားရာ ယခုကဲ့သို့ ဆန္ဒခံယူပွဲ ပြုလုပ်ခြင်းဖြင့် ကမ္ဘာက လက်တွေ့အမှန်ကို သိရှိနိုင်မည် ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက် (KDNG) အဖွဲ့ဝင် ကိုစတီဗင်က ပြောကြားသည်။
“ဒီအချိန်မှာ အားလုံးက မြစ်ဆုံ စီမံကိန်းကို လုံးဝရပ်ဆိုင်းဖို့ ကန့်ကွက်နေတဲ့ အချိန်လည်း ဖြစ် တယ်။ ဒေသခံတွေဆီက ဒီလို ဆန္ဒခံယူလိုက်တော့ သူတို့ရဲ့သဘောထား အမှန်ကိုသိရလို့ အားရတယ် ။ မြစ်ဆုံ စီမံကိန်း လုံးဝရပ်ဆိုင်းသွားဖို့ ဆက်လက် ကြိုးစားသွားမယ်” ဟု ၎င်းကဆိုသည်။

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ပြောခွင့်ရှိသူမှာ စီမံကိန်းသို့ ရောက်နေပြီး ဖုန်းဖြင့်လည်း ဆက်သွယ်၍ မရကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ CPI ရုံးတာဝန်ခံက ပြောကြားသည်။

ပြည်နယ်အစိုးရ အနေနှင့် ပြည်သူများ၏ သဘောဆန္ဒအတိုင်း ဖြစ်ရစေမည် ပြီးအစိုးရဘက်က အဆိုပါ ကိစ္စအတွက် ပြောစရာ မရှိကြောင်း ပြည်နယ် ဝန်ကြီးချူပ် ဦးလဂျွန်ငမ်ဆိုင်းက ဆိုသည်။

မလိယန်ကျေးရွာ ဒေသခံတစ်ဦး ဖြစ်သူ သင်းအုပ်ဆရာ ဦးမုန်ရန်က “သူတို့တွေ သိန်းရာချီပေးမယ် ဆိုရင်တောင် ကျွန်တော်တို့ရဲ့ သဘာဝကို မဖျက်ဆီးချင်ဘူး။ ကျွန်တော်တို့တွေအတွက် အကောင်းဆုံးက ကျွန်တော်တို့ရဲ့ ဒေသခံရွာတွေပါပဲ” ဟု ဆိုသည်။

ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံဒေသတွင် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ခြင်းကို ယခင်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ်က စတင်ခဲ့ပြီး အစိုးရသစ် တက်လာသည့် နောက်ပိုင်း ၂၀၁၁ ခုနှစ်တွင် ပြည်သူများ၏ ဆန္ဒအရ နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here