Thursday, March 13, 2014

အကျဉ်းထောင် ဝန်ထမ်းသုံးဦးနှင့် အကျဉ်းသားထံမှ မူးယစ်ဆေးဝါးဖမ်းမိ

0 comments
13.3.2014

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများ အများဆုံးထွက်ရှိရာ ရွှေတြိဂံဒေသ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ အကျဉ်းထောင်၌ နှစ်ရက်အတွင်း အကျဉ်းသားနှင့် အကျဉ်းထောင် ဝန်ထမ်းသုံးဦးထံမှ မူးယစ်ဆေးဝါးများကို နှစ်ကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် အကျဉ်းဦးစီးဌာနထံမှ သိရသည်။

မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် အကျဉ်းသား ထောင်ဝင်အမှတ်၊ ကတ/၁၃/၀၀၅၃၉/က အသက် ၂၅ နှစ်ရှိ ဝင်းနိုင်ကို မသင်္ကာ၍ ရှာဖွေစစ်ဆေးရာမှ အကျဉ်းထောင် ဝန်ထမ်းများဖြစ်သော က-၃၃၂၇၃ အသက် ၂၀ ရှိ တသအေးချမ်းမောင်၊ က-၃၃၂၇၄ အသက် ၂၁ နှစ်ရှိ တသသီဟအောင်၊ က-၃၁၈၁၄ အသက် ၂၅ နှစ်ရှိ တသသီဟမြင့်မော်နှင့် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သူ အကျဉ်းသားဟောင်း အသက် ၄၄ နှစ်ရှိ တင့်လွင် (ခ) ဌေးညွန့်တို့ကို ဆက်စပ် ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့ မူးယစ်အထူးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျိုင်းတုံ အကျဉ်းထောင် ဘူးဝတာဝန်ကျ ဒုတပ်ကြပ် သိန်းမြင့်ထွေးသည် အပြင်ဘုတ်မှ ဖွဲတင်သည့် လက်တွန်းလှည်းဖြင့် ဝင်ရောက်လာသော အကျဉ်းသား ဝင်းနိုင်ကို စစ်ဆေးရာ အပြာရောင် ရှပ်အင်္ကျီ လက်တိုဝဲဘတ် အိပ်ကပ်အတွင်းမှ ထိုင်းနိုင်ငံထုတ် သတင်းစာစက္ကူဖြင့် ထုပ်ထားသည့် ဘိန်းဖြူမှုန့် ၀ ဒသမ ၀၂၈ ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး စစ်ဆေးရာ မတ်လ ၁၀ ရက်၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကျဉ်းထောင် လူပျိုဆောင် အိပ်ခန်းအတွင်း သိမ်းဆည်းထားသည့် အကျဉ်းထောင်ဝန်ထမ်း ပိုင်ဆိုင်သော ဘိန်းဖြူမှုန့် ခြောက်ဂရမ်ခန့်ကို ထပ်မံဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အကျဉ်းသားက မူးယစ်ဆေးဝါးကို အကျဉ်းထောင် ဝန်ထမ်းတစ်ဦးက ထွန်စက်ထဲကနေ ယူခိုင်းတယ် လို့ ပြောတယ်။ အဲဒီ ထောင်ဝန်ထမ်းကို စစ်တော့ မူးယစ်ဆေးဝါး ပိုင်ရှင်တွေဖြစ်တဲ့ နောက်ထပ်ထောင် ဝန်ထမ်းနှစ်ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်။ သူတို့ကို စစ်တော့ မူးယစ်အမှုနဲ့ ထောင်ကျပြီး ဒီနှစ် ဇန်နဝါရီလကမှ လွတ်ငြိမ်းခွင့်နဲ့လွတ်တဲ့ သူဆီကနေ နှစ်ယောက် ပေါင်းပြီး လေးသိန်းဖိုး ဝယ်တယ်။ ဝယ်တဲ့ဟာတွေကို ထောင်ထဲမှာ တစ်ဆင့် ပြန်ရောင်းတယ်လို့ ပြောတယ်” ဟု ၎င်းကဆိုသည်။

အကျဉ်းဦးစီးဌာန ဝန်ထမ်းများ မူးယစ်ဆေးကိစ္စ ပတ်သက်နေမှုနှင့် ပတ်သက်၍ ထောင်ပိုင်ကြီး ဦးဌေးကျော်ကို တွေ့ဆုံမေးမြန်းရာ ရုံးချိန်ပြင်ပဖြစ်ပြီး ဖြစ်သဖြင့် နောက်တစ်နေ့ ရုံးချိန်အတွင်း လာရောက် ရန် ချိန်းဆိုခဲ့သော်လည်း အကျဉ်းထောင် တပ်ကြပ်ကြီးတစ်ဦးက မတ်လ ၁၂ ရက်နေ့က ရဲဘော်သုံးဦးကို စခန်းသို့ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ကျိုင်းတုံ အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ ဝင်းနိုင်ကို မယ(ပ) ၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)၊ အကျဉ်းထောင် ဝန်ထမ်းများဖြစ်သော အေးချမ်းမောင်၊ သီဟအောင်၊ သီဟမြင့်မော်နှင့် အကျဉ်းသားဟောင်း တင့်လွင် (ခ) ဌေးညွန့်တို့ကို မယ(ပ) ၁၀/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အရေးယူထားကြောင်း ယင်းမြို့ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ကျိုင်းတုံ အကျဉ်းထောင် အတွင်းရှိ အကျဉ်းသားများ၏ သုံးပုံနှစ်ပုံခန့်သည် ယင်းမူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ အကျဉ်းကျ ခံနေရသူများ ဖြစ်ကြောင်း ယင်းမြို့အကျဉ်းဦးစီးဌာနနှင့် မူးယစ် အထူးတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here