Tuesday, March 25, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ရေးဆွဲရေး ဆွေးနွေးပွဲသို့ “ဝ” နှင့် မိုင်းလားတပ်များကို အစိုးရ ဖိတ်ကြား

0 comments
25.3.2014

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ရေးဆွဲရေး ဆွေးနွေးပွဲသို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP/UWSA နှင့် မိုင်းလား တပ်ဖွဲ့များကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး တစ်ဦးက ပြောကြားသည်။

အစိုးရနှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ပူးတွဲပြုစုရေး ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး “ဝ” နှင့် မိုင်းလားတို့က လေ့လာသူအဖြစ် ပါဝင် တက်ရောက်ရန် ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း MPC အကြီးတန်း အကြံပေး တစ်ဦးက ဆိုသည်။

UWSP/UWSA အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် ပါဝင်ခြင်း မရှိသော်လည်း ဧပြီလ အတွင်း ပြုလုပ်မည့် ဆွေးနွေးပွဲကို တက်ရောက်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

“ဧပြီ ၅ ရက် ၆ ရက်မှာ အပစ်ရပ် စာချုပ်အတွက် ထပ်တွေ့မယ်။ ပြီးရင် သင်္ကြန်ပိတ်ရက်တွေနဲ့ ဆိုတော့ ဘားအံ ဆွေးနွေးပွဲက မေလမှပဲ ဖြစ်နိုင် မယ်လို့ ခန့်မှန်းပါတယ်” ဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမည့် အချိန်နှင့် အသေးစိတ် အချက် အလက်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် စုံညီစွာ တွေ့ဆုံမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် သတ်မှတ်သွားရန် စီစဉ်ထားပြီး ယင်းဆွေးနွေးပွဲကို ဧပြီလ အတွင်း ပြုလုပ်မည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ထုတ်ပြန်ထားသည်။

“ဝ” နှင့် မိုင်းလား အဖွဲ့များမှာ လိုင်ဇာနှင့် လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ညီလာခံများတွင် ပါဝင် တက်ရောက်ခြင်း မရှိဘဲ တိုင်းရင်းသား အဖွဲ့များ ကိုယ်စားပြု NCCT တွင်လည်း ပါဝင်ခြင်း မရှိသော လက်နက်ကိုင် အဖွဲ့များဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် သီးသန့် ပါဝင်ရန် အဆိုပြုထားသည်။

အစိုးရနှင့် NCCT အဖွဲ့တို့ ဖေဖော်ဝါရီလ၊ မတ်လ ဒုတိယပတ် အတွင်း နောက်ဆုံးအကြိမ် တွေ့ဆုံထားပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ပူးတွဲ ရေးဆွဲရန်အတွက် တစ်ဖက်ကိုးဦး ပါဝင်သော ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

The Voice Weekly
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here