Friday, March 14, 2014

ခြိမ်းခြောက်လာသော KIA ၏ လူသစ်စုဆောင်းမှု အန္တရာယ်

0 comments
14.3.2014

ယနေ့ခေတ် ဒီမိုကရေစီ အစိုးရလက်ထက်တွင် မြန်မာပြည်သူ ပြည်သား အပေါင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ပေးဖို့ တောင်းဆိုနေကြချိန်မှာ မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေကတော့ KIA ရဲ့ အတင်းအဓမ္မ လူသစ် စုဆောင်းမှု အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေမှာ ဟန်မပျက်ထိုင်ပြီး သဘောတူ ကြည်ဖြူတဲ့ ပုံစံလုပ်ပြနေပေမယ့် နောက်ကွယ်မှာတော့ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဘက် လူသစ်စုဆောင်းမှုတွေ ကို ဆက်တိုက်ပြုလုပ်လာတာ တွေ့ရပါတယ်။

ဖေဖေါ်ဝါရီလကုန်ပိုင်းမှ စပြီး KIA ရဲ့ လူသစ်စုဆောင်းမှုတွေဟာ အတင်းအဓမ္မပုံစံဖြစ်လာ တာကြောင့် ဒေသခံ တိုင်းရင်းသားတွေအတွက် စိုးရိမ်စရာ အနေအထား ဖြစ်လာပါတယ်။ ပိုပြီးဆိုးတာ ကတော့ အဲဒီလို လူသစ်စုဆောင်းမှုတွေထဲမှာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်တွေနဲ့ ကျောင်းသား /ကျောင်းသူလေးတွေ ပါသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ KIA ရဲ့ လူသစ်စုဆောင်းမှုကို ထိထိရောက်ရောက် တားဆီးသင့်ပြီဆိုတာ မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က တယန်စွပ်ရွှေမှော်မှာ ကျင်းသားလုပ်နေတဲ့ မိုးညှင်းမြို့ ပင်းဟဲကျေး ရွာနေ မောင်စည်သူအောင် (၂၈) နှစ်နဲ့ မောင်သြဘာ (၃၀) နှစ်တို့ကို KIA ကလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တယ်။ အဲဒီနေ့ကပဲ စိုက်ပျိုးရေးလုပ်ကိုင်စားသောက်နေတဲ့ ဒေသခံ ကချင်၊ လီဆူး၊ ရခိုင် တိုင်းရင်းသား (၃၅) ဦး လည်း လူသစ်အဖြစ် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

KIA ဟာ ကချင်ပြည်နယ်မှာသာမကပဲ ရှမ်းပြည်နယ်ထဲထိ နယ်မြေကျူးကျော်ကာ လူသစ်စုဆောင်း မှု တွေ ပြုလုပ်နေတာကြောင့် RCSS/SSA အဖွဲ့တွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိလာနိုင်ပါတယ်။ ကွတ်ခိုင် မြို့နယ်ထဲက ဒေသခံ ပလောင် အမျိုးသမီး (၁၅) ယောက်ကို မတ်လ (၃) ရက်နေ့မှာ KIA က လူသစ်အဖြစ် စုဆောင်းခဲ့တာကို TNLA အဖွဲ့က သဘောတူတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာ ခဲ့တာကြောင့် ဒေသခံ ပလောင်တိုင်းရင်းသားတွေရဲ့ ဘ၀ဟာ စိုးရိမ်စရာ အနေအထား ဖြစ်လာပြီး ဘ၀လုံခြုံမှုအတွက် အစိုးရဘက်က တာဝန်ယူသင့်ပြီလို့ ထောက်ပြပြောဆိုမှုတွေ ရှိလာပါတယ်။

အလားတူ မတ်လ ၉ ရက်နေ့ကလည်း တယန်စွပ်ရွှေမှော် အရှေ့ဘက်ကမ်းမှာ ရွှေကျင်လုပ်သားအဖြစ် လုပ်ကိုင်နေကြတဲ့ မိုးကောင်းမြို့နယ်၊ နမ္မတီး - မြို့သစ် ကျေးရွာက ဝေလင်းဦး (၁၇) နှစ်၊ ကိုရှိုင်း (၁၆) နှစ်၊ မောင်မြင့်ဇော် (၁၈) နှစ်၊ ဖိုးရှမ်း (၁၆) နှစ် စတဲ့ ရှမ်းလူငယ်လေးတွေကို KIA ကဖမ်းဆီးသွားခဲ့ပါတယ်။ မတ်လ (၁၀) ရက်နေ့မှာ ကျင်းပိုင်ရှင် ဦးဝင်းသိန်း ကိုယ်တိုင်လိုက်သွားပြီး ကလေးတွေကို ပြန်လွှတ်ပေးဖို့ပြောတော့ KIA တပ်ရင်း (၄) ဒုတပ်ရင်းမှူးက ကလေးတွေ မရောက်လာဘူးပြောလို့ ပြန်လာခဲ့ရတယ်။ မတ် (၁၂) ရက်နေ့မှာ နောက်တစ်ကြိမ် သွားပြောတဲ့ အခါကျတော့ ရုံးအုပ်ဆိုသူက တပ်မဟာ (၁) ကို သင်တန်းတက်ဖို့ ပို့လိုက်ပြီလို့ ပြန်ပြောခဲ့တယ်။ ဒါဟာ KIA ရဲ့ လက်တစ်လုံးခြား ဒေသခံလူငယ်တွေကို လူသစ်စုဆောင်းပြီး အတင်းအဓမ္မ စစ်သင်တန်း တက်ခိုင်းနေခြင်းပဲ ဖြစ်ပါတယ်။

ပိုပြီးဆိုးတာကတော့ ပန်ဆက်ရွာက ရှစ်တန်းကျောင်းသူ (၁၅) နှစ်အရွယ် မိန်းကလေးကို ကျည်စွမ်း စခန်းမှာ KIA က ချုပ်နှောင်ထားတယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တုံပလွေရွာက နန်းစိန်ပွင့်နဲ့ နန်းအေးထွေး တို့ကိုလည်း မိုင်းခေါင်ဈေးက အပြန်မှာ KIA က ဆိုင်ကယ်နဲ့ အတင်းအဓမ္မဖမ်းပြီး အင်ဘာပါစခန်းကို ပို့ထားတယ်လို့ သိရပါတယ်။ တယန်စွပ်မှော်ကနေ လူသစ်စုဆောင်းခံရတာ (၂၀) ကျော်တယ်လို့ ကျင်းပိုင်ရှင် တွေက ပြောကြပါတယ်။

တစ်ဆက်တည်းဆိုသလို မတ် (၁၁) ရက်နေ့က ဗန်းမော်ခရိုင်မံစီမြို့နယ်ထဲမှာ ရှမ်းစာပေသင်တန်း ဆရာမတစ်ဦးနဲ့ ကျားဖြူပါတီဝင်တစ်ဦး အပါအ၀င် ရှမ်းရွာသား (၇) ဦးကို KIA ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ တယ်။ တုံပလွေရွာကနေ ခရာပွမ်ကို သစ်ကယ်ရီဆွဲနေတဲ့ ရွာသား (၃) ယောက်နဲ့ အမျိုးသမီး (၃) ယောက် ကိုလည်း အဲဒီနေ့မှာပဲ KIA က လူသစ်အဖြစ် ဖမ်းသွားတယ်။

ခိုင်လုံတိကျသော အသင်များအရ KIA မှ ဖမ်းဆီးသွားသော ဒေသခံများမှာ မန်ဆပ်ကျေးရွာနေ ရီဘာ (၃၀) နှစ်၊ အိုက်ညမ်း (၃၂) နှစ်၊ မအမ်ခေ (၂၀) နှစ်နှင့် မအမ်လွတ် (၁၈) နှစ်တို့ ဖြစ်ကြပြီး မအမ်လွတ်မှာ န၀မတန်း ကျောင်းသူဖြစ်ကြောင်း၊ ဟိုစီးစုစည်းရွာနေ ဆယ်အိမ်မှူး ဦးလနန် (၄၁) နှစ်နှင့် ဂွန်ဂျာ (၂၇) နှစ်တို့ ဖြစ်ကြောင်း၊ လွယ်ကန်စုစည်းကျေးရွာနေ ဆယ်အိမ်မှူး လှသောင်း (၂၂) နှစ်၊ ငယ်ထွေး (၁၀) နှစ်၊ အိုက်ဆာ (၃၀) နှစ်၊ မအေးပန် (၁၆) နှစ်တို့ ဖြစ်ကြပြီး မောင်ငယ်ထွေးနဲ့ မအေးပန်တို့မှာ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူလေးတွေလို့ သိရပါတယ်။ ဒါဆိုရင် ဖမ်းဆီးခံရတဲ့ ကလေးတွေ ရဲ့ မိဘတွေခမျာ ရူးမတတ်ခံစားနေရမှာ သေချာပါတယ်။

KIA မှ လူသစ်အဖြစ် ဖမ်းဆီးခံရသော ဒေသခံများမှာ ကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး၊ ပလောင်၊ ရခိုင် ဘယ်တိုင်းရင်းသားပဲဖြစ်နေပါစေ သူတို့ရဲ့ အနာဂတ်ဟာ မသေချာမရေရာတဲ့ KIA တပ်ဖွဲ့ဝင်ဘ၀နဲ့ အဆုံးသတ်တော့မှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဟာ လူသစ်စုဆောင်းခံရတဲ့ ရှမ်းတိုင်းရင်း သားတွေ အတွက် KIA / KIO တာဝန်ရှိသူတွေကို တောင်းဆိုမှုတွေ ပြုလုပ် ခဲ့တာကြောင့် တစ်ချို့ တစ်ဝက် ပြန်လွှတ်လာကြပါတယ်။ ကျန်ရှိနေတဲ့ ဖမ်းဆီးခံတိုင်းရင်းသားတွေ ပြန်လည် လွတ်မြောက် လာရေး အတွက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့အတူ တာဝန်ရှိ အဖွဲ့အစည်း အားလုံး ပူးပေါင်း ပါဝင် ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ KIA ရဲ့ လူသစ်စုဆောင်းမှုတွေဟာ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိရဲ့သားနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မသိချင်ဟန်ဆောင်ပြီး လွှတ်ပေးထားမယ်ဆိုရင် ကချင်ပြည်နယ်မှာ နေထိုင် ကြတဲ့ အပြစ်မဲ့ ပြည်သူအားလုံးအတွက် ကြီးမားသော ခြိမ်းခြောက်မှု အန္တရာယ်ဆိုးကြီးအဖြစ် စိုးမိုးခြောက်လှန် နေတော့မှာပဲ ဖြစ်ပါတယ်။

ညီသစ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here