Friday, March 14, 2014

“ဝ” အထူးဒေသတွင် ကြိုတင် သန်းခေါင်စာရင်း ကောက်ယူမှု ပြီးဆုံး

0 comments
14.3.2014

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အတွင်းရှိ “ဝ” အထူးဒေသ (၂) နယ်မြေအတွင်း ကြိုတင် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းများ ပြီးဆုံးပြီ ဖြစ်ကြောင်း မိုင်းတုံမြို့နယ် လဝကဦးစီးမှူး ဦးခင်ဇော်ထွန်းက ပြောကြားသည်။
“မတ်လ ၁ ရက်နေ့က စကောက်တာ ၁၂ ရက်နေ့က ပြီးပါတယ်။ အခု စာရင်းတွေ ချုပ်နေဆဲပါ” ဟု ၎င်းကဆိုသည်။

“ဝ” အထူးနယ်မြေများ အတွင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အတွက် ဖေဖော်ဝါရီ ၂၀ မှ ၂၆ ရက်နေ့အထိ မိုင်းလား၊ မိုင်းဆတ် ဝမ်ဟုန်တို့နှင့် တစ်ပြိုင်နက် ဟွေအောရွာတွင် စာရင်းစစ်၊ စာရင်းကောက် သင်တန်း ဖွင့်လှစ်ခဲ့ပြီး ကောက်ခံသည့် အခါ ဘာသာစကား အခက်အခဲ အဆင်ပြေစေရေး အတွက် လားဟူ၊ တရုတ်၊ ရှမ်း ဘာသာပြန် များဖြင့် ကောက်ခံနိုင်ရေး ဆောင်ရွက်ခဲ့သဖြင့် လည်းကောင်း၊ ကြိုတင်ညှိနှိုင်း ထားရှိသည့် ကောက်ကွက်များ အတိုင်း အမှန်တကယ် ကောက်ခံသည့် အခါတွင်လည်း အထူးဒေသ အဖွဲ့ဝင်များက ကူညီပေးသဖြင့် လည်းကောင်း၊ အကြို သန်းခေါင်စာရင်း လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အကြို သန်းခေါင်စာရင်း ကောက်ခံခဲ့သည့် “ဝ” အထူးဒေသ နယ်မြေများမှာ မိုင်းတုံမြို့နယ် အတွင်းရှိ ဟိုပန် ကျေးရွာအုပ်စု၊ ပုံပါကျင် မြို့နယ်ခွဲ အတွင်းရှိ နမ့်ယွန်း၊ နမ့်ဟူးခွန်၊ ဟွေအော ကျေးရွာများ၊ မုံးထမြို့နယ် အတွင်းရှိ ခိုင်းလုံ၊ ကုန်းတီဗွီ၊ ဟွေဟ ကျေးရွာများ ဖြစ်ကြောင်း သိရှိရသည်။

မိုင်းတုံ မြို့နယ်အတွင်း ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းတွင် စာရင်းစစ်၊ စာရင်းကောက် များအား မတ်လ ၁၇ ရက်မှ ၂၂ ရက်နေ့ထိ မြို့မ မူလတန်းကျောင်းတွင် သင်တန်း ဖွင့်လှစ် ပို့ချပေးမည် ဖြစ်ပြီး ဆရာ/ဆရာမ ၄၀ ဦး၊ ဌာနဆိုင်ရာ များ ဖြစ်သည့် ဆေးရုံ၊ ရဲ၊ တပ်တို့မှ ကိုယ်စားလှယ် ၄၆ ဦး၊ စုစုပေါင်း ၈၆ ဦး တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။

ဆေးရုံတက် လူနာနှင့် လူနာစောင့်များ၊ အချုပ်သား များကို ကောက်ယူမည် ဖြစ်ပြီး တပ်နှင့် ရဲစခန်းများတွင် အိမ်ထောင်မရှိ လူပျိုလူလွတ်များ အတွက် မေးခွန်း ၁၁ ချက်ဖြင့် လည်းကောင်း၊ အိမ်ထောင်ရှိသူ များကို မေးခွန်း ၄၁ ချက်ဖြင့် လည်းကောင်း မေးမြန်း ကောက်ယူသွားမည် ဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။

ထိုသို့ ကောက်ယူရာတွင် အကြို ကောက်ခံပြီး နေရာများမှအပ မိုင်းတုံမြိုနယ်နှင့် မြို့နယ်ခွဲ (၂) ခုရှိ ရပ်ကွက် ၁၁ခု၊ ကျေးရွာပေါင်း ၁၂၆ ရွာအတွင်း ကောက်ယူသွားမည် ဖြစ်သည်။

UNFPA ၏ အာဆီယံနိုင်ငံ အဖွဲ့ဝင် နိုင်ငံများ၏ ၂၀၁၀ ပြည့်နှစ် လူဦးရေ ရာခိုင်နှုန်းပြ ဇယားတွင် မြန်မာနိုင်ငံမှာ လူဦးရေ ၅,၉၁၂,၉၉၀ ဦးဖြင့် အာဆီယံ လူဦးရေ စုစုပေါင်း၏ ၉ ဒသမ ၉၅ ရာခိုင်နှုန်း ဖြင့် အမှတ်စဉ် (၅) တွင် ဖော်ပြထားကြောင်း တွေ့ရှိရပြီး အများဆုံးမှာ လူဦးရေ ၂၃၇, ၆၄၁,၃၂၆ ဖြင့် အင်ဒိုနီးရှားနိုင်ငံက ပထမ၊ လူဦးရေ ၄၂၂,၇၀၀ ဖြင့် ဘရူနိုင်း ဒါရူဆလမ် နိုင်ငံက အနည်းဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here