Monday, April 28, 2014
အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းအတွင်း ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်ကို ရှာဖွေမှုပြုလုပ်ကြရာတွင် အမေကန်ပြည်ထောင်စုအနေဖြင့် လိုအပ်သည့် ပစ္စည်းပစ္စယများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဧပြီ ၂၆ ရက်က ပြောကြားသည်။
မလေးရှားဝန်ကြီးချုပ် နာဂျိဘ်ရာဇတ်နှင့်အတူ ကွာလာလမ်ပူတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သမ္မတအိုဘားမားက ပျောက်ဆုံးလေယာဉ်ရှာဖွေရေးတွင် လိုအပ်သော မည်သည့် အရင်းအမြစ်ပစ္စည်းများမဆို အမေရိကန်ပြည်ထောင်စုက အစွမ်းကုန် ကူညီပံ့ပိုးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
အမေရိကန်ခေတ်မီ လူမဲ့ရေငုပ်သင်္ဘောငယ်သည် ဧပြီ ၂၇ ရက်က အိန္ဒိယသမုဒ္ဒရာကြမ်းပြင်တစ်လျှောက်ရှာဖွေ ထောက်လှမ်းမှု ပြုလုပ်ခဲ့သော်လည်း ပျောက်ဆုံးလေယာဉ်နှင့်ဆက်နွှယ်ပတ်သက်သော ပစ္စည်းတစ်စုံတစ်ရာ ရှာဖွေထောက်လှမ်းနိုင်ခြင်းမရှိသေးပေ။ ဆိုးရွာသော ရာသီဥတုအခြေအနေကြောင့် လေကြောင်းနှင့် ရေကြောင်းရှာဖွေမှုများရပ်တန့်ခဲ့ရပြီး ပင်လယ်ပြင်အောက် ရှာဖွေမှုကိုသာ လုပ်ဆောင်နိုင်ခဲ့သည်။
ရိုက်တာ သတင်းထောက်များနှင့်တွေ့ဆုံရာတွင် သြစတြေးလျအာဏာပိုင်များက ဆက်လက်ရှာဖွေမှုပြုလုပ် နိုင်မည့် အကောင်းဆုံးနည်းလမ်းကို နိုင်ငံတကာမှမိတ်ဖက်များနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိပါကြောင်း ပြောကြားသည်။
သမ္မတအိုဘားမားက ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိပါကြောင်း၊ သိနိုင်တာကတော့ လေယာဉ်ဟာ ဝေးလံခေါင်ဖျားတဲ့ အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျသွားခြင်းဖြစ်ကြောင်း၊ ရှာဖွေရတဲ့နယ်နိမိတ်ဟာ အလွန်ကျယ်ပြောတဲ့အတွက် အလွန်ခက်ခဲသလို အချိန်ကာလတစ်ခုထိတော့ကြာမှာ ဖြစ်ကြောင်းဆိုသည်။
သမ္မတအိုဘားမားက အမေရိကန်အာဏာပိုင်များ အနေဖြင့်ရှာဖွေရေးအဖွဲ့များအကြား သတင်းဖလှယ်ရာတွင် လိုလိုလားလား ရှိနေသည်ဟု ရှုမြင်ကြပါကြောင်း၊ ဧပြီ ၂၆ ရက်က ပြောကြေားခဲ့သည့်တိုင် လေယာဉ်စုံစမ်းထောက်လှမ်းမှုနှင့် ပတ်သက်ပြီး ပို၍ပွင့်လင်းမြင်သာအောင်လုပ်ဆောင်ပေးရန် မလေးရှားအစိုးရကို ဖိအားပေးကြသည်။
မလေးရှားဝန်ကြီးချုပ် နာဂျိဘ်ရာဇတ်ကမှုပျောက်ဆုံး လေယာဉ်နှင့်ပတ်သက်သော ပဏာမအစီရင်ခံစာ တစ်ရပ်ကိုလာမည့် သီတင်းပတ်တွင်ထုတ်ပြန်ပေးမည်ဟု ကတိက၀တ်ပြုခဲ့သည်။ ထို့အတူ မလေးရှားပို့ဆောင်ရေးဝန်ကြီးကလည်း ပင်လယ်ပြင်အောက် ရှာဖွေရေးတွင် လိုအပ်သောခေတ်မီပစ္စည်းများဖြည့်တင်းရန် Petronas ရေနံကုမ္ပဏီထံမှ အကူအညီကို တောင်းခံထားကြောင်း ဆိုသည်။
(ရိုက်တာ/ဆင်ဟွာ)
#The Mirror Daily