Monday, April 28, 2014

ရှမ်းအရှေ့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ဖွင့်

0 comments

28.4.2014

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပိုမိုတိုးမြှင့်ရန်အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျိုင်းတုံ နယ်စပ် ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသထွက် လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကုန်သွယ်ရေးကတော့ ဒီဧပြီ နောက်ဆုံးပတ်ထဲမှာ စဖွင့်နေပြီ။ မြန်မာ-တရုတ် နှစ်ဖက်လူကြီးတွေ လာကြည့်ပြီး ဖွင့်ပေးဖို့ကတော့ မလုပ်ရသေးဘူး။ ဆန်၊ ပြောင်း၊ နှမ်းတွေကို တင်ပို့နိုင်မှာပါ။ နောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူကိုလည်း တင်ပို့နိုင်မှာပါ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် မြန်မာဘက်က လယ်ယာထွက်ကုန် အနည်းငယ် တင်ပို့ထားပြီး တရုတ်နိုင်ငံဘက်ကမူ လူသုံးကုန်ပစ္စည်း ၅၆ မျိုးကို တင်သွင်းထားသည်ဟု အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ် မိုင်းလားမြို့မှ ကုန်သည်များအတွက် ကုန်သွယ်ရာတွင် ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း၊ ကျိုင်းတုံ နယ်စပ် ကုန်သွယ်ရေးစခန်းတွင် သွင်းကုန်၊ ထုတ်ကုန် လိုင်စင်ထုတ်ပေးခြင်း၊ တစ်ပိုင်တစ်နိုင် ကုန်သွယ် ခွင့်ကတ်များ ထုတ်ပေးခြင်း များကိုပါ ပြုလုပ်ပေးလျက် ရှိသည်ဟု အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးသော နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနှင့် မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ထန်တလန်၊ တမူးနှင့် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မြဝတီ၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းတို့ ဖြစ်သည်။

#The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here