Monday, April 28, 2014

TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် မုံးဝီးရွာသာ(၆)ဦး ထိခိုက်ဒဏ်ရာရမှုပေါ် ဒေသခံများ မကျေမနပ်ဖြစ်နေ

0 comments



28.4.2014

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ လွယ်ချက်ကျေးရွာအနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူထားသော ကင်းစခန်းအား အေပြီ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် TNLA အဖွဲ့မှ အင်အား သုံးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ(၆)ဦး ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံများမှ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း Gas Valve Chamber (၂၈)နှင့် Oil Valve Chamber (၃၁)နေရာ လွယ်ချက်ကင်းစခန်းအား TNLA အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ရာ မုံးဝီးရွာမှ နမ့်ခမ်းမြို့သို့ သရီးဂရောင်းယာဉ်ဖြင့် ဈေးဝယ်ထွက်လာသော မုံးဝီးရွာသား(၆)ဦးအား ထိမှန်ကာ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း မုံးဝီးရွာသားတစ်ဦးက ပြောသည်။

“အခု ဆေးရုံမှာ ဆေးကုသနေရပါတယ်၊ ခြောက်ယောက်လုံး ဗုံးသီးစတွေ မှန်ထားတာ မြင်ရက်စရာ မရှိဘူး၊ တစ်ယောက်ကတော့ စိုးရိမ်ရတယ်၊ ပလောင်သူပုန်အဖွဲ့က ရွာသားတွေကို အခုလို မညှာမတာ ပစ်တာ၊ ရွာသူ ရွာသားအားလုံး မကျေ မနပ်ဖြစ်နေကြတယ် ” ဟု နမ့်ခမ်းဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့သော မုံးဝီးရွာသား ကိုအိုက်ခွန်က ဆိုသည်။

တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သော မုံးဝီး ရွာသား(၆)ဦးမှာ အိုက်ပန်း(၄၀)နှစ်၊ မာယောင်(၃၆)နှစ်၊ ကြိုင်ကန်(၃၅)နှစ်၊ အိုက်ရန်(၃၀)နှစ်၊ မိုင်းကွမ်း(၂၅)နှစ်၊ အိုက်ထွန်း(၂၄)နှစ် တို့ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ သရီးဂရောင်း မောင်းလာတာ မြင်ရက်သားနဲ့ လှမ်းပစ်တာဗျ၊ အသံက အကျယ်ကြီးပဲ၊ ဗုံးကွဲသလို အသံကြီးကြားပြီး ကျွန်တော်တို့ကို အစတွေ လာမှန်တော့တာပဲ၊ အားလုံး သွေးတွေနဲ့ ဒဏ်ရာတွေ ရကြတော့ ကြောက်လန့်အော်ဟစ်ကြတာပေါ့၊ ကင်းစခန်းက ပြန်ပစ်ပေးလို့ သူတို့တွေ ထွက်ပြေးသွားကြတယ်၊ ပလောင် တပ်က အခုလို ကိုယ့်တိုင်းရင်းသားအချင်းချင်း ပြန်ပစ်တာ ၀မ်းနည်းလို့ မဆုံးပါဘူးဗျာ ” ဟု ဆေးရုံ၌ ဆေးကုသမှုခံယူနေရသော အိုက်ပန်းက ပြောသည်။

အဆိုပါ ကင်းစခန်း၌ တာဝန်ထမ်းဆောင်နေသော နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ကား၊ ထော်လာဂျီနှင့် ခရီးသွားပြည်သူများထံ အတင်းအဓမ္မငွေကြေးကောက်ခံမှုကြောင့် TNLA အဖွဲ့က ၀င်ရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု သတင်းအချို့ တွင် ဖော်ပြထားမှုနှင့်ပတ်သက်၍ နယ်မြေခံတပ်မှ အရာရှိကြီးတစ်ဦးအား မေးမြန်း ကြည့်ရာ
“ဒီဒေသမှာ နေထိုင်တဲ့ ပြည်သူတွေကို မေးကြည့်ရင် အဲဒီအဖြေ မှန်၊ မမှန် သိပါလိမ့်မယ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေး ယူနေတဲ့ တပ်နဲ့ရဲ အဖွဲ့ဝင်တွေ အတင်းအဓမ္မ ငွေတာင်းတာ မရှိပါဘူး၊ အခုဖြစ်စဉ်ဟာလည်း အဲဒီ ကင်းစခန်းမှာ အင်အားနည်းမှန်းသိလို့ TNLA က အင်အား (၇၀)လောက်နဲ့ လာတိုက် တာပါ၊ ကျွန်တော်တို့ ဘက်က စစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး ရွာသား(၆)ဦးလည်း ဒဏ်ရာတွေ ရသွားတယ်၊ ကျွန်တော်တို့တပ်က ငွေတောင်းလို့ လာတိုက်တာဆိုရင် အပြစ်မရှိတဲ့ ရွာသား(၆)ယောက်ကို ပစ်ခတ်ခဲ့တာကို ဘယ်လိုဖြေရှင်းမလဲ၊ သူတို့ ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် ဒဏ်ရာရသွားတဲ့ ရွာသား(၆)ယောက် ကျေနပ်အောင် တစ်ခုခုလုပ်ပေးသင့်တာပေါ့၊ အခုဆိုရင် အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး TNLA အဖွဲ့အပေါ် ဒေသခံအားလုံးက မကျေမနပ် ဖြစ်နေကြပါတယ် ” ပြောကြားသွားခဲ့သည်။

#နန်းအွမ်( နမ့်ခမ်း )

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here