Friday, February 8, 2013
0 comments
 

လက်ဖဝါး ပုံစံရှိပြီး သေးငယ်သည့် ရဟတ်ယာဉ်ကို အမှတ်တမဲ့ ကြည့်ပါက ကလေးငယ်များ ကစားသည့် ရဟတ်ယာဉ်ဟု ထင်ရနိုင်ဖွယ် ရှိသည်။ သို့သော် သေးငယ်ပြီး အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်နိုင်သည့် ယင်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် တာလီဘန် စစ်သွေးကြွများကို တိုက်ခိုက်ရန် အတွက် ဗြိတိန် စစ်တပ်က အထူးထုတ် ထားသည့် နောက်ဆုံးပေါ် လက်နက်တစ်ခု ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်အား Black Hornet ဟု အမည် ပေးထားပြီး ၈ လက်မ အရွယ် မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်။ အလေးချိန် ၁၅ ဂရမ် သာရှိ သည့် ၎င်းရဟတ်ယာဉ်၏ ထိပ်ဖျားတွင် ကင်မရာ သုံးခု တပ်ဆင် ထားသည်။

Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ်သည် မီးခိုးရောင် ဖျော့ဖျော့ရှိပြီး အနက်ရောင် ဒလက် နှစ်ခု ပါရှိကာ ပြန်လည်အားသွင်း နိုင်သည့် သေးငယ်သော ဘက်ထရီ ပါရှိသည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်အာွး GPS စနစ်ကို အသုံးပြု၍ ကွန်ပျူတာ ပရိုဂရမ်ဖြင့် အလို အလျောက် စစ်မြေပြင်သို့ စေလွှတ် ပျံသန်းစေခြင်း သို့မဟုတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ် ပျံသန်းခြင်း တို့ဖြင့် ရန်သူ၏ တည်နေရာ အခြေ အနေ တို့ကို ထောက်လှမ်း၍ စစ်အခြေစိုက် စခန်းသို့ ပြန်လာနိုင်သည်။

၎င်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် ရန်သူ စခန်းအတွင်းနှင့် ရန်သူ သိမ်းပိုက်ထားသည့် နယ်မြေများ အတွင်း ရန်သူ မသိအောင် ဝင်ရောက်၍ အနီးကပ် ထောက်လှမ်းကာ ဓာတ်ပုံများ ပေးပို့ နိုင်သည်။ Black Hornet မောင်းသူမဲ့ရဟတ် ယာဉ်အား ကွန်ပျူတာဂိမ်း စက်ကဲ့သို့ ထိန်းချုပ် ကိရိယာဖြင့် လွယ်ကူစွာ ထိန်းချုပ် မောင်းနှင် နိုင်သည်။ အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်သည် အလေးချိန် သုည ဒသမ ၅ အောင်စရှိပြီး အမြန်နှုန်း တစ်နာရီ ၂၂ မိုင်နှုန်းဖြင့် မိနစ် ၃ဝ ကြာအောင် ပျံသန်းနိုင်သည်။

၎င်းရဟတ်ယာဉ်ကို ဗြိတိန်နှင့် နော်ဝေနိုင်ငံ တို့က ပူးတွဲ ထုတ်လုပ်ထားပြီး Proxdynamics Pd-100 Personal Reconnaissance System ဟုလည်း ခေါ်သည်။ Black Hornet ရဟတ်ယာဉ်နှင့် ထိန်းချုပ် ကိရိယာကို ကျောပိုးအိတ် အတွင်း သယ်ဆောင်နိုင်သည်။

တာလီဘန် နယ်မြေ အတွင်းသို့ Black Hornet မောင်းသူမဲ့ လေယာဉ် စေလွှတ်၍ စမ်းသပ် ထောက်လှမ်းမှု ပြုခဲ့ရာ အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ် ကင်းထောက် အဖွဲ့မှ တပ်မှူး ဗိုလ်မှူး အက်ဒမ် ဖိုဒန်က ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ် - မြဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here