Wednesday, February 13, 2013

(၁၉)ကြိမ်မြောက် (၈)ညတိုင်တိုင် အထူးတရားပွဲကို အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာအဖွဲ့ကြီးမှ ကျင်းပပြုလုပ်

0 comments


အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်ကနေ (၂၀)ရက်နေ့အထိ ဆရာတော်ကြီး (၄)ပါးဖြင့် (၈)ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

တရားပွဲဖြစ်မြောက်ရန်အတွက် ပြင်ဆင်မှုနှင့်ပတ်သက်၍ (၁)ကြိမ်မှ (၁၈)ကြိမ်မြောက်အထိ  ပြင်ဆင်ရာမှာ (၅)ရက်မှ (၇)ရက်အထိအချိန်ကြာကြာ ပြင်ဆင်ပြုလုပ်ခဲ့ရသော်လည်း ယခု(၁၉)ကြိမ်မြောက်မှာတော့ ရှမ်းရိုးမကွင်းအတွင်း နှစ်သစ်ကူးပွဲတော်ရက်ပြီးချိန်နှင့် နီးကပ်နေတာကြောင့် နံနက်(၆)နာရီမှ ည(၇)နာရီထိ တစ်နေ့တည်းအပြီး တရားပွဲဖြစ်မြောက်ရေး အဖွဲ့များမှကြိုးစား ပြင်ဆင်ပြုလုပ်နေကြတာကို တွေ့ခဲ့ရပါတယ်။

တရားပွဲဖြစ်မြောက်ရန်အတွက် ပြင်ဆင်မှုကို ယခင်အကြိမ်များနဲ့မတူ တစ်ရက်တည်းပြီးအောင် လုပ်နိုင်ခဲ့တဲ့အတွက် တရားပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးက  "ကျွန်တော်တို့ ခါတိုင်းဆိုရင်တော့မြေညှိရ
တာတွေ သဲဖို့ရတွေ မြေကြွင်းတူးရတာတွေ လုပ်ရတာဆိုတော့ ရက်က တပတ်လောက်ကြာသွားတတ်တယ်၊
မနေ့ကဒီကွင်းထဲမှာပဲ နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့တာဆိုတော့မြေညှိစရာမလိုတော့ဘူးလေ၊ တရားပွဲနဲ့ပတ်သက်တဲ့ပစ္စည်းတွေ ပြင်ဖို့ဆင်ဖို့ နဲ့ တရားဟောစတိတ်စင် တပ်ဆင်ဖို့အတွက်ပဲ လိုတာပါ၊ သံထည်ပစ္စည်းတွေ ဖျာတွေကိုတော့ မနေ့ညကတည်းကပဲ ကြိုတင်ပြီးတော့ ကားနှစ်စီးပေါ် တင်ထားကြတယ်။ နက်ဖြန်ဆိုရင် တရားစဟောမဲ့ ယောဆရာတော်က ကြွလာတော့မယ်၊ ဒါကြောင့် ဒီနေ့အပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်တွေနဲ့ တနေကုန် လုပ်လာခဲ့ကြတာ၊  အခုတော့ ပြင်ဆင်မှုက ပြီးသွားပါပြီ၊ အဲ့ဒီအတွက်လည်း ကျွန်တော်တို့အတွက် အမောပြေစေပါတယ်၊ ပီတိလည်းဖြစ်ရပါတယ်။ လာရောက် ကုသိုလ်ယူ လုပ်အားပါဝင်ဖြည့်ကြတာကတော့ အယောက်(၃၀)နီးပါလောက်ရှိတယ်၊ နက်ဖြန်မနက် ဆရာတော်ကို သွားကြိုဖို့ပဲ လုပ်ရတော့မယ်"လို့ ပြောကြားသွားပါတယ်။

အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအနေဖြင့် ယခုအခါမှာ (၁၉)ကြိမ်မြောက်အဖြစ် တရားပွဲကိုပြုလုပ်မှာဖြစ်ပြီး အကြိမ်(၂၀)မြောက်ကိုတော့ မတ်လ(၂၃)ရက်မှ ဧပြီလ(၈)ရက်နေ့ထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး၂၀၁၃ခုနှစ်ရဲ့ အပိတ်ပွဲအဖြစ်လည်း ပြုလုပ်မှာဖြစ်ကြောင်း ကြိုတင်သိရှိရပါတယ်။ တဆက်တည်းမှာပင် ၂၀၁၃ခုနှစ် မတ်လ(၂၃)ရက်နေ့မှ(၂၆)ရက်နေ့ထိ (၅)ညတိုင်တိုင် အထူးတရားပွဲကိုလည်း တာလေမြို့နယ်ခွဲမှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။


ယခုပြုလုပ်မည့် (၁၉)ကြိမ်မြောက်တရားပွဲမှာ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့ကြီး၏ ကျန်းမာရေးကဏ္ဍတစ်ခုဖြစ်တဲ့ ဇီဝကအခမဲ့ဒါန ဆေးကုသခန်းကိုလည်း ဖေဖော်ဝါရီ(၁၃)ရက်မှ (၂၀)ရက်နေ့အထိ တရားပွဲကျင်းပနေစဉ် အတွင်း ညစဉ်ညတိုင်း အခမဲ့ဒါနအဖြစ် ကုသပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။



တာချီလိတ်မြို့တွင် လူမှုကူညီရေးအသင်းများ များစွာရှိသည့်အနက် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာအဖွဲ့ကြီးမှာလည်းကဏ္ဍများ
ခွဲကာ အဖွဲ့သုံးဖွဲ့အဖြစ် ဖွဲ့စည်းထားကြောင်း သိရပါ
တယ်။
ဘာသာရေးအနေဖြင့်အမျိုးဘာသာသာသနာကိုယ်သာစောင့်ရှောက်ရာတရားပွဲဖြစ်မြောက်ရေးအဖွဲ့၊ကျန်းမာရေး
အနေဖြင့် ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း၊ လူမှုရေးအနေဖြင့် မေတ္တာရှင် သာရေး/နာရေးကူညီမှု စတဲ့ အဖွဲ့သုံးဖွဲ့ကို ဖွဲ့စည်းထားလျှက်ရှိရာ ဇီဝက အခမဲ့ဒါန ဆေးကုသခန်းကို ၀မ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင်ဈေးမှာ ဖွင့်လှစ်မှာဖြစ်ပြီး မေတ္တာရှင် သာရေး/နာရးကူညီမှု ရုံးခန်းကိုတော့ လောလောဆယ်မှာ ပါလျှံ(၃) ဆောင်းဦးပန်းချီလမ်းကြားရှိ အိမ်အမှတ် ( ၄၂/၂ )မှာ ယာယီဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ဆက်လက်၍လည်း ဇီဝက အခမဲ့ဒါန ဆေးကုသခန်းကို လာမဲ့ မတ်လ(၂၃)ရက်နေ့မှ စ၍ စတင်ဖွင့်လှစ် ကုသပေးမှာဖြစ်ပြီး ဆေးကုသချိန်မှာ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအဖြစ် သတ်မှတ်ထားကာ တနလာင်္၊ ဗုဒ္ဓဟူး နှင့် စနေနေ့များမှာ ကုသပေးမှာဖြစ်ကြောင်း သိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here