ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)/SSA
(ရွက်ဆစ်) အဖွဲ့မှ သီပေါမြို့နယ် အတွင်းရှိ ပွဲရုံများ ၊ ဆီဆိုင်များ၊ ကားပိုင်ရှင်များ
၊ ကုန်ပစ္စည်းအရောင်းဆိုင်များထံသို့ အောက်တိုဘာလ(၁၀) ရက်နေ့ ရက်စွဲဖြင့် တပ်ရင်း (၆၇၁)
ဘဏ္ဍာထိန်း ၀င်းဆိုင် ဆိုသူလက်မှတ်ရေးထိုးထားပြီး ရှမ်းဘာသာစကားဖြင့်ရေးသားထားသည့် ဆက်ကြေးတောင်းခံစာ
ပေးပို့၍ ဆက်ကြေးကောက်ခံနေကြောင်းသိရပါတယ်။
ဆက်ကြေးတောင်းခံစာတွင် တစ်နှစ်စာအတွက်
ပွဲရုံတစ်ရုံလျင် (၄) သိန်း၊ (၁၀)ဘီးကားတစ်စီးလျင် (၈) သိန်း နှင့် (၁၂)ဘီးကားတစ်စီးလျှင်
(၁၀) သိန်းနှုန်း ပေးသွင်းရန် တောင်းဆိုထားကြောင်းတွေ့ရပါတယ်။
(RCSS)/SSA (ရွက်ဆစ်) အဖွဲ့သည် ဆက်ကြေးကောက်ခံခြင်းအား
မပေးဆောင်သော ဆိုင်များ ၊ ပွဲရုံများအား စိတ်မထင်လျှင်မထင်သကဲ့သို့ မီးရှို့ဖျက်ဆီးခြင်း
၊ ကားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်း၊ လူများအား ရက်စက်စွာ
သတ်ဖြတ်ခြင်းတို့ဆောင်ရွက်တတ်သောကြောင့် ဒေသခံ ပြည်သူများမှာ ဆက်ကြေး မပေးလိုကြသော်လည်း
ပေးနေရကြောင်းသိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူ လက် မှတ်ရေး ထိုးရာ တွင် ဒေသခံပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်းမပြုလုပ်ရန်
အချက်ကိုလည်း သဘောတူ ခဲ့ကြပါတယ်။ ထို့ကြောင့် (RCSS)/SSA (ရွက်ဆစ်) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကိုပျက်ပြားစေနိုင်သည့်
ပြည်သူ လူထုထံမှ ဆက်ကြေးကောက်ခြင်းအား ရှောင်ကျဉ်သင့်တယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးက
ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာလ(၁၀) ရက်နေ့က လည်း
(RCSS)/SSA (ရွက်ဆစ်) အဖွဲ့ မှ အင်အား(၄၀) လောက်ဟာ မိုင်းငေါ့မြို့နယ်ခွဲ၊ အုမ္မစွမ်းရွာတွင်
ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်အုန်းကို ၄င်း၏နေအိမ်တွင်ပင် အကြောင်း မဲ့ သေနတ်ဖြင့်
အချက်ပေါင်းများစွာ ပစ်သတ်ပြီး ငွေသိန်း(၂၀) နှင့် သေနတ်ကို ယူဆောင်သွားခဲ့ပါတယ်။
ရှမ်းပြည်နယ်အတွင်းတွင် အစိုးရတပ်များနှင့်
(RCSS)/SSA (ရွက်ဆစ်) အဖွဲ့တို့ လှုပ်ရှားသွားလာလျက်ရှိရာ အစိုးရတပ်များအနေဖြင့် ဒေသခံများအား
ရှမ်းလက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်သည်ဟု သံသယရှိပါက ခေါ်ယူစစ်ဆေးမေးမြန်းခြင်းများသာပြုလုပ်လေ့ရှိသော်လည်း
ရှမ်းတိုင်းရင်းသား အချင်းချင်း ဖြစ်သည့် ရွက်ဆစ် အဖွဲ့မှာမူ အစစ်ဆေးအမေးမြန်း မရှိဘဲ
ထင်ရာဆိုင်းသတ်ဖြတ်နေသဖြင့် ဒေသခံများမှာ လွန်စွာကြောက်ရွံ့ နေကြောင်း ရွာသားတစ်ဦးက
ဆိုပါတယ်။
(RCSS)/SSA (ရွက်ဆစ်) အဖွဲ့အနေဖြင့်
လက်ရှိအချိန်တွင် တိုက်ပွဲများဖြစ်နေခြင်းမှာ အစိုးရတပ်များမှ စည်းကမ်းဖောက်ဖျက်ခြင်းကြောင့်
ဖြစ်ပွားနေသည်ဟု မီဒီယာများတွင်ပြောဆိုသတင်းလွှင့်နေသော်လည်း အမှန် တ ကယ် မြေပြင်တွင်မူ
၎င်းတို့အနေဖြင့် အခွင့်မရှိဘဲ နယ်မြေကျော်လွန် သွားလာခြင်း၊ ဒေသခံရှမ်းတိုင်းရင်းသားများနှင့်
ကုန်သည်များထံတွင် ယခုကဲ့သို့ ဆက်ကြေးကောက်ခြင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်းများ စသော
ငြိမ်းချမ်းရေး သဘောတူညီချက်များအားပျက်ပြားစေမည့် အပြုအမူများကို လုပ်ဆောင် နေခြင်းတို့ကြောင့်
နယ်မြေတွင်း လှုပ်ရှားနေသော အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွား နေရခြင်း ဖြစ်ကြောင်း
ဒေသခံ တစ်ဦးမှ ပြောပါတယ်။
(RCSS)/SSA (ရွက်ဆစ်) အဖွဲ့ဟာ အစိုးရနှင့်
ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်အား လက်မှတ်ရေးထိုး ထားသော အဖွဲ့အစည်းတစ်ခုလည်း
ဖြစ်ပါတယ်။ (RCSS)/SSA (ရွက်ဆစ်) အဖွဲ့နှင့် အစိုးရ တို့သည် ငြိမ်းချမ်းရေး ဆွေးနွေးမှု(ပထမအကြိမ်)
အား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်တွင် ပြုလုပ်ခဲ့ပြီး (ဒုတိယအကြိမ်) အား မတ်လ(၁၉)
ရက်တွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ
ဖြစ်သူ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သောအဖွဲ့
နှင့် RCSS/ SSA မှ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင် သော ငြိမ်းချမ်းရေး
ကိုယ်စားလှယ် အဖွဲ့ဝင် (၂၃) ဦးတို့ ဆွေးနွေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။
ရှမ်းဘာသာဖြင့်ရေးသားထားသော ဆက်ကြေးတောင်းခံစာ