မြစ်ဆုံစီမံကိန်း ထက်ပိုမိုကြီးမားသည့် ရေအားလျှပ်စစ်စီမံကိန်းကြီးကို သံလွင်မြစ်တွင် အကောင် အထည် ဖော်ခြင်း နှင့် ပတ်သက်၍ ပြည်သူများအား ပွင့်လင်းစွာချပြရန် လိုအပ် ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေး ပညာရှင် များက ထောက်ပြပြောဆိုကြသည်။
''ဒီလိုစီမံကိန်းကြီးတွေ လုပ်ဆောင်တဲ့အခါ မှာ ပွင့်လင်းမြင် သာမှုရှိဖို့လိုအပ်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ အခု လတ်တလောဖြစ်ပျက်နေ တဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ပြဿနာလိုပဲ ဆက်ဖြစ်နေဦးမှာပဲ'' ဟု သတ္တုတွင်း ဝန်ကြီးဌာန အထွေထွေမန်နေဂျာ(ငြိမ်း) ဦးစော မိုးမြင့်က ပြောသည်။
ယင်းစီမံကိန်းကို မဖော်ဆောင်မီ ပတ်ဝန်း ကျင်ဆိုင်ရာဆန်းစစ်ချက်(EIA)၊ လူမှုဝန်းကျင် ဆိုင်ရာ ဆန်းစစ်ချက်(SIA)ဖြင့် စစ်ဆေးပြီး ရရှိလာသော အချက်အလက်များအား ပြည်သူကို ချပြပြီးမှသာ အကောင် အထည်ဖော်ရန် လည်း အဆိုပါပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် များက တိုက်တွန်း ပြောကြားကြသည်။
အဆိုပါစီမံကိန်းကို ရှမ်းပြည်နယ်မြောက် ပိုင်း လင်းခေးခရိုင်နှင့် မိုင်းဆတ် ခရိုင်ကြား တာ ဆန်းတံတား မြောက်ဘက် ၁၃ကီလိုမီတာခန့် အကွာတွင်တည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါစီမံကိန်း တည်ဆောက်ရန် သက် ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးဖြစ် ကြောင်း သိရသည်။
မြန်မာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း မှ အတွင်းရေးမှူး ဦးအောင်မြင့်က ''ဒီလိုစီမံ ကိန်းကြီးတွေ လုပ်ကိုင်တာ ဟာ သဘာဝပတ်ဝန်း ကျင်နဲ့ Natural Resources တွေကို ထိခိုက် နိုင်တယ်ဆိုပြီးတော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု ကို တားမြစ်နေတာမဟုတ်ပါဘူး။ တိုင်းပြည်လဲ ဖွံ့ဖြိုးရမယ်။ သဘာဝပတ်ဝန်း ကျင်ကိုလဲ ထိ ခိုက်မှုအနည်းဆုံးဖြစ်စေမယ့် နည်းလမ်းတွေ ကြည့်ပါ။ စီမံကိန်းတွေလုပ်ကိုင်တော့မယ်ဆို ရင် အဲဒါတွေကို အသုံးချပြီး လုပ်ကိုင်ကြဖို့ပဲ နိုင်ငံတော်အစိုးရကို တိုက်တွန်းချင် ပါတယ်''ဟု ပြောသည်။
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံတွင်ရပ်ဆိုင်းလိုက်သော မြစ်ဆုံစီမံ ကိန်းထက်ကြီးမားပြီး တမံအမြင့် ၂၂၈မီတာ၊ အရှေ့တောင်အာရှတွင် အမြင့်ဆုံး၊ လျှပ်စစ်တပ် ဆင်အား၇၁၁ဝမဂ္ဂါဝပ် ရှိကာ မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်းမှာ လျှပ်စစ်မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မြစ်ကြီးများပေါ်တွင် ဆည်ဆောက်လုပ် ခြင်းကြောင့် စီးဆင်းနေသောမြစ်ခြေပိုင်း ရေ စီးဆင်းမှု၊ ရေစီးပြင်းအား အချိန်ကာလနှင့် စီးဆင်းနှုန်းပြောင်းလဲခြင်းများ တို့အပြင် စီးဆင်း နေသောရေကို ငြိမ်သက်သော ရေအဖြစ်သို့ ပြောင်းလဲစေခြင်း၊ ပြန်ပြည့်ဖြိုးမြဲ သဘာဝသယံ ဇာတတို့အပေါ် အကျိုး သက်ရောက်နိုင် ကာ ရေသိုလှောင်သည့် ပမာဏပေါ်မူတည်၍ ကုန်း တွင်းပိုင်း ဂေဟစနစ်ကို ပျက်စီးစေခြင်း၊ စီးဆင်း နေသောရေကို ငြိမ်သက်စေသောကြောင့် အောက်ဆီဂျင် ပါဝင်မှုနည်းကာ ရေနေအပင် နှင့် သတ္တဝါ နေထိုင်ရာ ဒေသပြောင်း လဲစေပြီး ရေနေသတ္တဝါများ အသက်ရှင်နေထိုင်နိုင်မှု ကို ထိခိုက်စေမည်ဖြစ်ကာ အောက်ဆီဂျင် နည်းပါးခြင်းကြောင့် ရေအရည် အသွေးညံ့လာ ပြီး အချိန်ကြာလာသည်နှင့် အမျှ ရေပုပ်သိုးခြင်း ဖြစ်စေ နိုင်ကြောင်း ပတ်ဝန်းကျင် ပညာရှင်များ ကဆို သည်။
ယင်းနှင့်ပတ်သက်ပြီး ရေသုတေသန ပညာရှင်တစ်ဦးက ''မြစ်ကြီးတွေပေါ် မှာ ရေ လှောင်ကန်တွေ ဆောက်မယ် ဆိုရင် စီးပွားရေး တွက်ခြေကိုက် မှုရှိရမယ်။ သဘာဝပတ်ဝန်းကျင် ကို ထိခိုက်မှုနည်းရမယ်။ လူထု တစ်ရပ်လုံး အတွက် ထည့်သွင်းစဉ်းစားပြီး အားလုံးပါဝင် နိုင်တဲ့ ဖြစ်စဉ်ဖြစ်ရမယ်။ ဒီသုံးချက်ညီမှသာ ရေလှောင် ကန်ဆောက်သင့်ပါတယ်''ဟု သုံးသပ် ပြောသည်။
သံလွင်မြစ်သည် ကမ္ဘာပေါ်တွင် ၂၆စင်း မြောက် အရှည်ဆုံးမြစ်ဖြစ်ပြီး ရေကာတာ လုံးဝ မရှိသေး သောမြစ်အဖြစ် ကမ္ဘာက သက်မှတ် ထားကာ ၂၀၀၃ ခုနှစ်တွင် UNESCO ကမ္ဘာ့ အမွေအနှစ် ယဉ်ကျေးမှုရှုခင်း အဖြစ် သတ်မှတ် ခြင်းခံထား ရသော မြစ်ကြီးတစ်ခုဖြစ်သည်။
အောင်အောင်
Yangon Media Group