ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နောက်ပြန်လန်ကျသွားစေနိုင်သော
စိန်ခေါ်မှုများ ရှိလာသည့်တိုင် မိမိတို့အနေဖြင့် ရှေ့ကိုသာ
ဆက်လက်ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည်ကို ကတိပြုနိုင်ကြောင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၅ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ
ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံး၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Mr.Jose Manual
Barroso နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင်
မီဒီယာများအား ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
မိမိတို့မြန်မာနိုင်ငံ၌ အလွန်အရေးကြီးသော နိုင်ငံ၏ အလှည့်အပြောင်းဟု
ဆိုရမည့် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေချိန်၊ စစ်အုပ်ချုပ်ရေးစနစ်မှ
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ စတင်ကူးပြောင်းချိန်၊ ဗဟိုဦးစီး
စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သို့
စတင်ကူးပြောင်းချိန်၊ ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးကို
ငြှိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်နေချိန်တွင် မိမိအနေဖြင့်
နိုင်ငံတော်သမ္မအဖြစ် တာဝန်ယူရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ကြောင်း
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုများ ရှိသကဲ့သို့
ပြုပြင်ပြောင်းလဲရေး ကာလတွင် မလွဲမရှောင်သာ ပွတ်တိုက်မှုများ၊
တင်းမာမှုများနှင့် ဆန့်ကျင်မှုများလည်း ကြုံတွေ့ခဲ့ရကြောင်း၊
အပြောင်းအလဲကာလတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ မလွဲမသွေ
ကြုံတွေ့ရနိုင်သည်ကို နားလည်ထားပါကြောင်းနှင့် အချို့အခက်အခဲများသည်
ဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲသည်ကို သိရှိထားကြောင်း၊ ယင်းအခက်အခဲများ
စိန်ခေါ်မှုများကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊
တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်
လူ့အဖွဲ့အစည်းများနှင့် ပြည်သူအားလုံးက ပူးပေါင်းပြီး ကြံကြံခံ
ရင်ဆိုင်သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊
ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍ
စသည်တို့အပေါ်၌သာ အာရုံစိုက်ပြီး အသားပေး ပြောဆိုနေကြသည်ကို တွေ့ရပါကြောင်း၊
မိမိအနေဖြင့် ယင်းကိစ္စများထက် သာမန်ပြည်သူတစ်ဦး၏ အခက်အခဲနှင့်
အကျပ်အတည်းများမှ လွတ်မြောက်ပြီး ပိုမိုကောင်းမွန်သော ဘ၀များ
တည်ဆောက်နိုင်ရေးနှင့် လူတန်းစေ့ ဘ၀ရပ်တည်နိုင်ရေးကို ဦးစားပေး
အာရုံစိုက်ကြောင်း၊ မိမိဆိုလိုသည့် သာမန်ပြည်သူဆိုသည်မှာ ပညာရေး
ချို့တဲ့မှုကြောင့် ကာယကို အသုံးပြုပြီး ၀င်ငွေရှာရသော ထွန်ယက်စိုက်ပျိုး
စားသောက်ရန်အတွက် လယ်မြေတစ်ကွက်တောင် မပိုင်ဆိုင်ဘဲ အကြွေးနွံနစ်ပြီး
မိသားစုကို ၀လင်အောင် မကျွေးနိုင်သည့် မိသားစု၊ ဆွေမျိုးနှင့်
မိတ်ဆွေများကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများတွင်
နှစ်ပေါင်းရှည်ကြာ လုပ်ကိုင်နေကြသော လုံလောက်သည့် ကျန်းမာရေး
စောင့်ရှောက်မှု၊ ရေကောင်းရေသန့်နှင့် လျှပ်စစ်မီး စသည်တို့
မရရှိနိုင်သေးသော သန်းပေါင်းများစွာသော ပြည်သူများကို
ရည်ညွှန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ရသည့်
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ဓမီးကို အဆုံးသတ်ပြီး ရေရှည်တည်တံ့ တရားမျှတသော
ငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့်
အားလုံးသဘောတူ လက်ခံသည့် ရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ
ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၈ လအတွင်း
တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီး
ကျန်ရှိသည့် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော KIO အဖွဲ့နှင့်လည်း
ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းလည်း
သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့်အတူ
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းမှုများကို တိုးမြှင့်ပေးခဲ့သည့်အတွက်
ကျေးဇူးတင်ရှိကြောင်းနှင့် အကူအညီ အထောက်အပံ့များ အပေါ်၌သာ
ရပ်တည်နေမည်မဟုတ်ဘဲ ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည့်
ဂုဏ်သိက္ခာရှိသော နိုင်ငံဖြစ်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း
ပြောကြားခဲ့သည်။
eleven media group