Wednesday, April 3, 2013

ငြိမ်းချမ်းရေး မရသေး သရွေ့ ရေကာတာ စီမံကိန်းများ မလုပ်ရန် တောင်းဆို

0 comments
ဧပြီ(၃)

စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရမချင်း သံလွင်မြစ်ပေါ်မှာ ရေကာတာ စီမံကိန်းတွေ မဆောက်လုပ်သင့်ကြောင်း ရှမ်းလူမှုအခြေပြု အဖွဲ့ အစည်းက တောင်းဆိုလိုက်ပါတယ်။ 

သံလွင်မြစ်ပေါ်မှာ ရေကာတာစီမံကိန်းကြီး ၆ ခု စတင်ဆောက်လုပ် သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်အစည်း အဝေးမှာ ကြေညာခဲ့ပါတယ်။ 

ဒီနောက်ပိုင်း ရေကာတာစီမံကိန်းလုံခြုံရေးအတွက် ရှမ်းပြည်နယ်
မြောက်ပိုင်း တန့်ယန်းမြို့နယ်နဲ့ မိုင်းရှူးမြို့နယ်ဘက်ကို အစိုးရတပ်တွေ အင်အားထောင်နဲ့ချီ တိုးမြှင့် ၀င်ရောက်လာပြီး ရှမ်းပြည်တပ် မတော်မြောက်ပိုင်းအဖွဲ့နဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီအတွက် အနီးပတ်ဝန်းကျင်က ပြည်သူတွေအတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ရှမ်းသဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ ပြောခွင့်ရ စိုင်းခေးဆိုင်က ပြောပါတယ်။ 

“၂၀၀၉ မှာ ရေကာတာကြောင့် ကိုးကန့်ကိုတက်တိုက်လို့ လူထု ၃ သောင်းလောက် စစ်ပြေးဒုက္ခသည်ဖြစ် တယ်။ အခုကလည်း ထပ်ဆောက်မယ်ဆိုတော့ ရေကာတာကိုအကြောင်းပြပြီး ရှမ်းပြည်တပ်မတော်မြောက် ပိုင်းကို နေရာရွှေ့ပေးဖို့လုပ်တယ်။ မရွှေ့ပေးဘူးဆိုရင် စစ်ရေးအရ ထိခိုက်မှုတွေ ရှိမယ်၊ စစ်ရေးအရဖြေ ရှင်းမယ်လို့ပြောတယ်။ တိုက်ပွဲထပ်ဖြစ်ရင် ပြည်သူလူထု သောင်းနဲ့ချီပြီး စစ်ပြေးဒုက္ခသည်ဖြစ်ဦးမယ်။ ဒါတွေအားလုံးကို ပြန်ကြည့်ပြီး စိုးရိမ်ချက်တွေနဲ့အတူ ဒီကြေညာချက်ထုတ်တာပါ။” 

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတို့ဟာ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့်အနေနဲ့ပါ အပစ်အခတ်ရပ် သဘောတူခဲ့ပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ အစိုးရတပ်က နယ်မြေရှင်း လင်းဖို့ အတွက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကို တန့်ယန်းမြို့နယ် မိုင်းကောဝ်ကားလမ်း အရှေ့ ဘက်တကြောကနေ ဆုတ်ခွာပေးဖို့ ရမခတိုင်းမှူးက မတ် ၂၆ ရက်နေ့က အမိန့်ပေးထားပြီး ဆုတ်ခွာမပေး ရင် စစ်ရေးအရ ဖြေရှင်းမယ်လို့ ပြောပါတယ်။ 

အဲဒီဒေသဟာ ရှမ်းပြည်တပ်မတော်က နဂိုကတည်းက နေထိုင်လာတာ ဖြစ်တဲ့အတွက် နယ်မြေကိစ္စနဲ့ ပစ် ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း စိုင်းခေးဆိုင်က ပြောပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်လာရင် စစ်ပြေး ဒုက္ခသည် ထပ်တိုးလာနိုင်ပြီး ရေကာတာ တည်ဆောက်မယ့် ဧရိယာဟာလည်း စစ်မက်ဇုံ နယ်မြေ ဖြစ် သွားနိုင်တဲ့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရမချင်း ရေကာတာ တည်ဆောက်ရေး မလုပ်ဖို့ တောင်း ဆိုတာလို့ ပြောပါတယ်။ ငြိမ်းချမ်းရေးရပြီးလို့ စီမံကိန်းဆက်လုပ်မယ် ဆိုရင်လည်း ပြည် သူတွေအတွက် ဘယ်လို အကျိုးရှိမယ် ဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြပြီးမှ ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ 

အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်မယ့် ရေကာတာစီမံကိန်းတွေဟာ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်အရှေ့ပိုင်း၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေထဲမှာ စုစုပေါင်း ၆ ခုရှိပြီး တချို့ စီမံကိန်းက
ဆောင်ရွက်နေဆဲ၊ တချို့ကတော့ စီမံကိန်းစတင်ဖို့ လေ့လာဆန်းစစ်မှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။ 

ဧပြီ ၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာလိုက်တဲ့ ရေကာတာစီမံကိန်း ဆက်မလုပ်ရေး တောင်းဆိုချက်တွေကို အစိုးရ၊ တရုတ်နဲ့ ထိုင်းနိုင်ငံက ရေကာတာကုမ္ပဏီတွေဆီ စာရေးပေးပို့ခဲ့တယ်လို့ စိုင်းခေးဆိုင်က
ပြောပါတယ်။ 

လာမယ့် ၂၀၁၄ ခုနှစ်ကစပြီး ရှမ်းပြည်နယ်ထဲမှာ စီမံကိန်းတွေ လုပ်မယ်ဆိုရင် ဒေသခံတွေရဲ့ အကျိုးစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ဖို့နဲ့ လာရောက် ဆောင်ရွက်မယ် ဆိုရင် လည်း နေပြည်တော်အစိုးရ ခွင့်ပြုချက်ရယူရုံတင်မက ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဆီကပါ ခွင့်ပြုချက်ယူရမယ်လို့ မတ်လ ၂၁ ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ မလိုက်နာဘူးဆိုရင် စီမံကိန်း ၀န်ထမ်းတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူမှာမဟုတ်ဘူးလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း က ကြေညာထားပါတယ်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here