Wednesday, April 10, 2013

ကောင်းဟုန်း ရွာသူရွာသားများသည် ဗုဒ္ဓဘာသာမှ ခရစ္စယာန်ဘာသာအဖြစ်သို့ ကူးပြောင်းနေ

0 comments

ဧပြီ(၁၀)


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ကောင်းဟုန်းကျေးရွာတွင် တအာင်းလူမျိုးများ နေထိုင်ကြပြီး  ဘိုးဘွားစဉ်ဆက်ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြပြီး ပြီးခဲ့သည့်နှစ်တွင် ကလေးပညာရေးကို ခရစ္စယာန်ဘာသာကိုးကွယ်ကြသော အခြားလူမျိုးများမှ ထောက်ပံ့ပေး သည့်အတွက်ကြောင့် ခရစ္စယာန်ဘာသာအဖြစ်သို့ ကူးပြောင်းသွားကြသည်။
ရွာသားတစ်ဦးပြောပြချက်အရ “ ကျနော်တို့က အရင်တုန်းက ဗုဒ္ဓဘာသာကို ယုံကြည်ပြီး ကိုးကွယ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်မှ ခရစ္စယာန် ဘာသာကို ပြောင်းပြီး ကိုးကွယ်ခဲ့တယ်။ ဗုဒ္ဓဘာသာကနေ ခရစ္စယာန်ဘာသာပြောင်းပြီး ယုံကြည်ကိုးကွယ်ရတဲ့ အကြောင်းရင်းတော့ နှစ်ခုရှိတယ်။ ပထမတခုက ပညာရေးပေါ့။  ဘိုးဘွားစဉ်ဆက်ကတည်းက များသောအားဖြင့် ကလေးတွေက  ကျောင်းတက်ခွင့် မရခဲ့ကြဘူး။ ခရစ္စယာန်အသင်းတွေပဲ ကလေးပညာရေးကို ထောက်ပံ့ပေးကြတယ်။ ကလေးတွေကို ကျောင်းတက်စေချင်တာ တကြောင်းလဲပါတယ်။ နောက်တချက် ကျတော်တို့က လယ်လုပ်တယ်၊ တောင်ယာလုပ်တယ်၊ အလုပ်ခွင် သွားတဲ့အချိန်မှာ မိသားစုထဲမှာ တယောက်ပြီးတယောက်ဖျားရင် ဆေးရုံ၊ ဆေးခန်းတွေနဲ့ဝေးတော့ မသွားနိုင်ဘူး။ အဲ့ဒါနဲ့ နတ်ဆရာ၊ ဗေဒင်ဆရာတွေမေးတော့ လယ်ထဲမှာ နတ်မှားရတာနဲ့၊ ရေကန်မှာ နတ်မှားရတာနဲ့ ငွေဘယ်လောက်၊ ပစ္စည်းဘာညာတွေနဲ့ ယတြာချေခိုင်းတယ်။ အဲလိုယတြာချေလိုက်မှပဲ နေကောင်းကြတယ်။ လယ်တောတွေ၊ ရေကန်တွေက ရွာသားတွေအလှူဒါန ပြုတဲ့နေရာဖြစ်တယ်။ လယ်မလုပ်ရင်လဲ ကိုယ်ရဲ့လယ်ဖြစ်နေတယ်။ ရေကန်မှာ ရေမချိုးဘူးဆိုရင်လဲ ရေချိုးရမယ့်နေရာက မရှိဘူး။ အဲလိုနဲ့ပဲကြောက်နေခဲ့ကြတယ်။ ခရစ္စယာန်မှာ ဒါမျိုးမရှိဘူး။ ဒါကြောင့် ခရစ္စယာန်ဘာသာကို ယုံကြည်ပြီးမှ ပြောင်းလိုက်တယ်။” 

ဆန်ခါကျေးရွာ၊ ကောင်းဟုန်းကျေးရွာ၊ လုံမိတ်ကျေးရွာ၊ မိုင်းမွတ်ကျေးရွာများသည် ကိုယ်ပိုင်ဘုရားရှိခိုးကျောင်းမရှိကြသဖြင့် မိုင်းမွတ်ရွာ၌ရှိသော ဘုရားရှိခိုးကျောင်း၊ စေတီတွင်သာ စုပေါင်းအသုံးပြုကြရသည်။  ထို့အပြင် ကောင်းဟုန်းကျေးရွာသည် စာသင်ကျောင်းမရှိသဖြင့် ကလေးငယ်များသည် အခြားရွာသို့ ကျောင်းသွားတက်ရန်အတွက် အခက်အခဲရှိသည်။  ၂၀၁၁ခုနှစ်တွင်  ခရစ္စယာန်ဘာသာ အသင်းတော်တခုမှ လာရောက်၍ မူလတန်းကျောင်းဆောက်ပေးပြီး ဆရာမနှစ်ဦးကိုလည်း ခန့်အပ်ထားပေးသည်။

“ ကျမတို့ပလောင်တွေကိုပဲချစ်တယ်၊ ကိုယ့်အမျိုးတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ ကိုယ့်ရဲ့အိုးစည်ဗုံမောင်းသံတွေ၊ ကိုးကွယ်တဲ့ ဘာသာအလိုက်ကွဲပြားသွားတယ်ဆိုပေမယ့် ကျမတို့အားလုံးက တအာင်းဟာ တအာင်းပါပဲ။ ဘယ်သူကမှ ကျမတို့ကို တခြာလူမျိုးလို့ မပြောဘူး၊ ပလောင်တွေလိုပဲပြောတယ်။ ကျမတို့က ပလောင်ကလေးတွေရဲ့ ပညာရေးအတွက် လုပ်ဆောင်နေတာဖြစ်တယ်။ ခရစ္စယာန်ဘာသာကို ယုံကြည်သွားလည်း ရည်မှန်းချက်ကတော့ ပလောင်လူမျိုးအတွက်ပဲ ရည်ရွယ်ပြီး အလုပ်လုပ်ပါတယ်။”ဟု ကျောင်းဆရာမက ပြောပြခဲ့သည်။

ထိုအကြောင်းကို ကြားသိရသော ဘုန်းကြီးများမှ သွားရောက်တရားဟောရာမှာ ရွာသူ၊သားများအတွက် ၂၀၁၃ခုနှစ် ဧပြီ ၇ရက်နေ့တွင် အ၀တ်အထည်နှင့်အစားအသောက်အချို့ကို ဒါနပြုခဲ့သြည်။ ဘုန်းကြီးမှာ ဘာသာကူးပြောင်းသွားကြသော ရွာသားအချို့ကို ကြည့်ပြီး မျက်ရည်မကျသော်လည်း ရင်ထဲတွင် ဆို့နစ်စွာ ခံစားခဲ့ရသည်။ 

၂၀၁၂ခုနှစ်တွင် ကောင်းဟုန်းကျေးရွာတွင် အိမ်ခြေ(၄၇)အိမ်ရှိပြီး(၂၃)အိမ်သည် ဗုဒ္ဓဘာသာအဖြစ်မှ ခရစ္စယာန်ဘာသာသို့ ကူးပြောင်းကိုးကွယ်ခဲ့ကြသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
ပလောင်အမျိုးသမီးအစည်းအရုံး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here