သြဂုတ်လ(၅)ရက်
မြန်မာလူငယ်နှင့် တရုတ်လူငယ် အသင်းတို့ အုပ်စုအဖွင့်ပွဲစဉ်တွင် တွေ့ဆုံ
ခဲ့စဉ် (Photo: www.Inschool.cn)
၂၀၁၃ Weifang Cup ပြိုင်ပွဲ၏ အဆင့် ၅ မှ ၈ နေရာအတွက် ပြန်လည်ယှဉ်ပြိုင်ရသည့် ပွဲစဉ်တွင် မြန်မာယူ-၁၉ အသင်းက တရုတ်လူငယ် လက်ရွေးစင်အသင်းကို (၂-၁ ) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ယင်းပွဲကို သြဂုတ် ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။
မြန်မာလူငယ်အသင်းမှာ ပထမပိုင်းတွင် ရှုံးနိမ့်နေခဲ့သော်လည်း မိနစ် ၆၀ နှင့် ပွဲပြီးခါနီးတွင် သွင်းယူခဲ့သော အောင်သူ၏ ဂိုးနှစ်ဂိုးဖြင့် ပြန်လည်အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာလူငယ် အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်၌ အိမ်ရှင်တရုတ် လူငယ်လက်ရွေးစင်အသင်းနှင့် တွေ့ဆုံခဲ့ပြီး ယင်းပွဲ၌(၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရမှုကို ရှုံးကြွေးပြန်ဆပ်နိုင်ခြင်းလည်း ဖြစ်သည်။ မြန်မာလူငယ်အသင်းမှာ တရုတ်လူငယ်အသင်းကို အနိုင်ရရှိခဲ့သောကြောင့် အဆင့် ၅ နေရာအတွက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး မြောက်ကိုရီးယား လူငယ်လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာလူငယ် အသင်းသည် အုပ်စုတွင် တရုတ်လူငယ် လက်ရွေးစင်အသင်း၊ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂို အသင်းတို့ကို (၀-၂) ဂိုးများဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် ဟောင်ကောင်ကလပ် ရိန်းဂျားစ်အသင်းကို (၅-၂)ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုတတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကွာတားပွဲစဉ်တွင် ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းကို (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
EMG