Saturday, September 28, 2013

နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အထူး တာဝန်ပေးအပ်သည့် အဖွဲ့များ ပီပီ စံနမူနာပြ ဆောင်ရွက်ကြရန် မှာကြား

0 comments



28.9.2013

ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စု အစိုးရအဖွဲ့ ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများအား တွေ့ဆုံအမှာစကား ပြောကြား


ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု အစိုးရအဖွဲ့ ဆပ်ကော်မတီ (Cabinet Sub- Committee / Delivery Unit) အသီးသီးမှ ဥက္ကဋ္ဌ များဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများအာ: 27-09-2013 နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတရုံး စီးပွားရေးရာကော်မတီ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေး သည် ရွေးချယ် ထားသည့် ဒုတိယ ဝန်ကြီး ၂၃ ဦးအား အသစ်ဖွဲ့စည်းမည့် Cabinet Sub- Committee / Delivery Unit ၂၆ ခုတွင် အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ပေးအပ်မည့် အစည်းအဝေး ဖြစ်ပါကြောင်း။

ယင်းတာဝန်များကို မပေးအပ်မီ ယနေ့မိမိတို့အစိုးရအဖွဲ့ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက် နေသည့် အုပ်ချုပ်ရေး ယန္တရား တစ်ရပ်လုံး၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက် များ၊ အစိုးရ၏ မူဝါဒများနှင့် လုပ်နည်းကိုင်နည်းများကို ရှင်းရှင်း လင်းလင်း သဘောပေါက် နားလည်ထားရန် အရေးကြီးပါကြောင်း။

မိမိတို့အစိုးရ၏ ရည်ရွယ်ချက်မှာ သန်း ၆ဝ သော ပြည်သူများ၏ တူညီသော ဆန္ဒဖြစ်ပြီး ယင်းဆန္ဒများ ပြည့်ဝအောင် ဆောင် ရွက်ပေးရေးသည် မိမိတို့အစိုးရ၏ ရည်မှန်းချက်ဖြစ် ပါကြောင်း၊ ပြည်သူများ၏ တူညီသောဆန္ဒမှာ အဓိကအားဖြင့် နှစ်ခုဖြစ်ပြီး တစ်ခုမှာ ပြည်သူများ အနေဖြင့် မိမိတို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးသည့် နိုင်ငံ ဖြစ်လိုကြ ပါကြောင်း၊ နောက် တစ်ခုမှာ အဘက်ဘက်မှ နောက်ကျကျန်နေသည့် လူမှုစီးပွား ဘဝ မြင့်မားတိုးတက် လိုကြပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ယင်းလိုအင်ဆန္ဒများကို အောင်မြင်အောင် ရည်မှန်းချက်ထားပြီး မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် မတည်မငြိမ်ရှိခဲ့သည့် နိုင်ငံရေးအဖွဲ့အစည်းများကို တည်တည် ငြိမ်ငြိမ်ဖြစ်အောင်၊ အစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင် လာနိုင်ကြအောင်၊ နှစ် ၆ဝ ကျော် ကြာညောင်းခဲ့ပြီဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ စီးပွားရေးပြုပြင် ပြောင်း လဲမှု အပိုင်းတွင် ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံးဖြစ်နေသည့် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ တိုးတက်မြင့်မား လာအောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်နေသကဲ့သို့ တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်ထူထောင်နိုင်ရန်အတွက် အရင်းအနှီးနှင့် နည်းပညာ များ ရရှိအောင် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။

ဦးစားပေးလုပ်ငန်းအဖြစ် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများများ ရရှိနိုင်မည့် အလုပ်ရုံ၊ စက်ရုံများနှင့် လုပ်ငန်းများ၊ ပြည်တွင်းထွက်ကုန်များကို တန်ဖိုးမြှင့်တင် ပေးနိုင်မည့် အသေးစားနှင့် အလတ်စား SMEs လုပ်ငန်းများ၊ ကျေးလက်အထိ ဆက်သွယ် ရေး လွှမ်းခြုံနိုင်မည့် လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက် နေပါကြောင်း။

အုပ်ချုပ်ရေးအပိုင်းတွင်လည်း ဗဟိုက ဦးစီးချုပ်ကိုင်သည့် အုပ်ချုပ်ရေးစနစ်အစား ပြည်သူကို ဗဟိုပြုသည့် ပြည်သူ့အုပ်ချုပ်ရေး စနစ်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း။

ယင်းပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို ကုန်လွန်ခဲ့သည့် လပေါင်း ၃ဝ တွင် မိမိတို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ အတွေ့အကြုံ၊ ဒီမိုကရေစီ အလေ့အကျင့် နည်းပါး ကြသေးသည့်အတွက် တစ်ချို့လုပ်ငန်းများကို အောင်အောင်မြင်မြင် ဆောင် ရွက် နိုင်ခဲ့သည်များ ရှိသကဲ့သို့ အချို့လုပ်ငန်းများတွင် အားနည်းချို့ယွင်းချက်များလည်း ရှိခဲ့ပါကြောင်း၊ ပြုပြင်ပြောင်းလဲစ နိုင်ငံတိုင်းတွင် တွေ့ကြုံရစမြဲဖြစ်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။

ယင်းအတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာ ရယူပြီး ကျန်ရှိ သည့် လပေါင်း ၃ဝ အတွင်း တိုင်းပြည် နှင့်လူမျိုးအတွက် စိတ်စေတနာ မှန်ကန်စွာထားပြီး မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ကြ မည် ဆိုသည်ကို ပြီးခဲ့သည့် သြဂုတ် ၉ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း။

ယင်းအစည်းအဝေးတွင် ကျန်သည့် လ ၃ဝ အတွင်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်း များနှင့် စပ်လျဉ်းပြီး လုပ်ငန်း ကဏ္ဍအလိုက် လက်တွေ့အောင်မြင် ပြီးမြောက်သည်အထိ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည့် Delivery Unit / Taskforce များဖြင့် မြေပြင် ကွင်းဆင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း။

ဒုတိယသမ္မတ၊ ဝန်ကြီးများ ဦးဆောင်သည့် Cabinet Committee များ၏ အောက်တွင် Cabinet Sub- committee / Delivery Unit ၂၆ ခု ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု တွေ့ဆုံသည့် ဒုတိယဝန်ကြီး များသည် ယင်းဆပ်ကော်မတီများ၏ အဖွဲ့ခေါင်းဆောင်၊ ဥက္ကဋ္ဌများဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတ၏ အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ယုံကြည်အားကိုးစွာ တာဝန်ပေးအပ်လိုသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်ပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ခေတ်သစ်၊ စနစ်သစ် ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင် ပြောင်းလဲပေးရသည့် တာဝန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခြေခံ အုတ်မြစ်ချပေးရသည့် တာဝန်နှစ်ရပ်ကို ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုကို ကမ္ဘာက အသိ အမှတ်ပြုသည်အထိ သိသိသာသာ ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား တိုးတက်အောင် ဆောင်ရွက်သည့် အပိုင်းတွင်မူ အရင်းအနှီး၊ နည်းပညာ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် များ များစွာ လိုအပ်ခြင်းကြောင့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ အခြေခံမူဘောင် (Framework for Ecomonic and Social Reforms - FESR) နှင့်အညီ ကြိုးပမ်းဆောင်ရွက်နေ သော်လည်း အချို့ကဏ္ဍများတွင် သိသိသာသာ တိုးတက်သော်ငြား အချို့ကဏ္ဍများကိုမူ ဆက်လက် ကြိုးပမ်းဆောင်ရွက်ရအုံးမည့် အနေအထား ရှိနေပါကြောင်း။

ဤနေရာတွင် မိမိတို့အစိုးရယန္တရား၏ စွမ်းဆောင်ရည်နှင့် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းဆောင်ရည်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အဓိက ကျသည့်အတွက် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသောအစိုးရ ယန္တရားဖြစ်အောင် ပြုပြင်ပြောင်းလဲနေ သကဲ့သို့ လူမှု အဖွဲ့အစည်းများ အပါအဝင် ပုဂ္ဂလိကကဏ္ဍ အားကောင်းပြီး စွမ်းအားမြင့်မားလာအောင် အားပေး မြှင့်တင်ရေး မူဝါဒကို ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် အစိုးရပိုင်းက ဦးဆောင်ပြီး ပုဂ္ဂလိကကဏ္ဍ လူမှု အဖွဲ့အစည်းများနှင့် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းကာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား လိုအပ်ချက်များကို လက်တွေ့အကောင်အထည်ဖော် နိုင်ရေးအတွက် ယခုကဲ့သို့ ဒုတိယဝန်ကြီးများနှင့် ဌာနစုံ ပါဝင်သောအဖွဲ့က မြေပြင်တွင် အချိန်ပေးညှိနှိုင်း ဖြေရှင်းဆောင်ရွက်ရန် စီစဉ်ခြင်း ဖြစ်ပါကြောင်း။

ပြည်ထောင်စုဝန်ကြီးများနှင့် ဌာနအသီးသီးသည် မူလပုံမှန် တာဝန်များနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်ပြောင်းလဲရသည့် လုပ်ငန်းတာဝန်များကြောင့် သီးခြားကွင်းဆင်းရန် အချိန်မပေးနိုင်ခြင်း၊ အချိန်ပေးပါကလည်း တစ်ရက်နှစ်ရက်အပြင် ပို၍ အောက်ခြေတွင် ထိတွေ့ဆောင်ရွက်နိုင်သည့် အခြေအနေ မပေးခြင်း၊ အစိုးရ၏ ရုံးလုပ်ငန်း စနစ် များကို ခေတ်နှင့်အညီ လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ Mind Set နှင့် လုပ်နည်း လုပ်ဟန်များကို အချိန်ယူပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်းတို့ကြောင့် ဒုတိယဝန်ကြီးများကို Delivery Unit / Taskforce အဖြစ် မူလသမားရိုးကျ လုပ်နည်းလုပ်ဟန်မှ ခွဲထွက်ပြီး ပိုမို၍ အကျိုးရှိ ထိရောက်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်တာဝန်ပေးခြင်း ဖြစ်ပါကြောင်း။

ထို့ကြောင့် ဒုတိယဝန်ကြီးများ အနေဖြင့် မိမိတို့လုပ်နေကျ ရုံးလုပ်ငန်း သမားရိုးကျပုံစံအစား သွက်သွက်လက်လက်၊ ထက်ထက်မြက်မြက် တီထွင်ကြံဆ၊ တွေးခေါ်မြော်မြင်ပြီး လုပ်ငန်း ကဏ္ဍအလိုက် သိသိသာသာ တိုးတက်အောင် ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လူမှုအဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ Delivery Unit / Taskforce များနှင့် မြေပြင်ကွင်းဆင်းထိတွေ့ကာ ရလဒ်ကောင်း ရရှိမည့် နည်းလမ်းနှင့် အစီအမံများကို ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်း မှာကြားလိုပါကြောင်း။

Delivery Unit / Taskforce များကို အစိုးရအဖွဲ့ ဆပ်ကော်မတီတာဝန်ကိုပါ ပေးအပ် ရခြင်းမှာ လွှတ်တော်ကော်မတီ အသီးသီးက ဆိုင်ရာကဏ္ဍအလိုက် ဥပဒေပြုစုခြင်းနှင့် အစိုးရဌာနများ၏ လုပ်ငန်းကဏ္ဍများ ဆွေးနွေးညှိနှိုင်းခြင်းတို့ ပြုလုပ် ရာတွင် ဌာနကိုယ်စားလှယ် အချို့သာ သွားရောက်ဆွေးနွေးခဲ့ပြီး ပြန်လည်တင်ပြ အကောင်အထည် ဖော်မှု အပိုင်းတွင် အားနည်းလျက် ရှိသည့်အတွက် လွှတ်တော်ကော်မတီများက ဆွေးနွေးရန် ဖိတ်ကြားသည့်အခါတွင် ကဏ္ဍအလိုက် ဌာနစုံ ပါဝင်သည့် အစိုးရအဖွဲ့ ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ဆုံခြင်းအားဖြင့် အစိုးရနှင့် လွှတ်တော် ဆက်ဆံ ဆောင်ရွက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန်လည်း ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း။

လွှတ်တော်ကော်မတီများနှင့် ဆွေးနွေးပြီးသည့်အခါတွင် ပြည်ထောင်စုဝန်ကြီးများ ပါဝင် ဖွဲ့စည်းထားသည့် အစိုးရ အဖွဲ့ ကော်မတီများထံသို့ ပြန်လည်တင်ပြဆွေးနွေးခြင်းအားဖြင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်း များ ပိုမိုပီပြင်သွက်လက် လာမည် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ ဆပ်ကော်မတီများ အနေဖြင့် အစိုးရအဖွဲ့ တာဝန် ထမ်းဆောင်ရန် ကျန်ရှိသည့် လ ၃ဝ အတွင်း လုပ်ငန်းကဏ္ဍအလိုက် သိသာထင်ရှားသည့် တိုးတက်မှု အကျိုးရလဒ် (Result-Based Performance) များရရှိအောင် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့နေသည့် လုပ်ငန်းကဏ္ဍ များတွင် ပြည်သူများ၏ လူမှုစီးပွား တိုးတက်ရေးကို အဟန့်အတား၊ အခက်အခဲ ဖြစ်နေသည့် ပြဿနာရပ်များကို ညှိနှိုင်းဖြေရှင်းပေးရန် အလေးအနက် မှာကြားလို ပါကြောင်း။

ယခုဆိုလျင် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းပေးထားပြီး လုပ်ငန်းကဏ္ဍ အလိုက် ပေါင်းစပ်ညှိနှိုင်းရေး တာဝန်များကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး များအား တာဝန်ပေးအပ်ထားပြီး ဖြစ်သည့်အတွက် အစိုးရအဖွဲ့ ဆပ်ကော်မတီများ အနေဖြင့် အစိုးရအဖွဲ့ ကော်မတီ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အသိပေးတင်ပြတိုင်း ပေါင်းစပ် ညှိနှိုင်းရေး တာဝန်ခံ ဝန်ကြီးများထံသို့လည်း အမြဲသတင်းပို့ တင်ပြခြင်းဖြင့် နိုင်ငံတော်သမ္မတ အနေဖြင့် ချက်ချင်းလမ်းညွှန်စရာ ရှိသည်ကို လမ်းညွှန်ဆောင်ရွက် ပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး၍ အတည်ပြု ထုတ်ပြန်ရန် ရှိသည့် အချို့ကိစ္စရပ်များကိုလည်း အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာ ပေးသွားရန် မှာကြားလိုပါကြောင်း။

နိဂုံးချုပ်အားဖြင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများကို အထူးတာဝန်များ ပေးအပ်ပြီး လွှတ်တော် နှင့် အစိုးရအကြား၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများ အကြား၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်း များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကြားတွင် အဓိကနေရာမှ ပင်တိုင်ဦးဆောင် လှုပ်ရှား၊ ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် မိမိကိုယ်တိုင်နှင့် မိမိအဖွဲ့ဝင် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ဘာသာရပ် ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် ပြည့်ဝမှုရှိအောင် လေ့လာကြိုးပမ်း ဆောင်ရွက်ကြရန်၊

ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်မှု ပြုရာတွင် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး မိမိတို့ကြောင့် အစိုးရတစ်ဖွဲ့လုံး ဂုဏ်သိက္ခာ မထိခိုက်စေဘဲ မိမိတို့ အစိုးရတစ်ဖွဲ့လုံးအပေါ် ပြည်သူက ယုံကြည်အားကိုးလာအောင် ဆောင်ရွက်ကြရန်၊

မိမိတို့ ဆောင်ရွက်ကြမည့် လုပ်ငန်းကဏ္ဍများအလိုက် လ ၃ဝ အတွင်း ဦးစားပေး ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာန များအတွက် သာမက မိမိနိုင်ငံ၊ မိမိတို့ပြည်သူအတွက် ဖြစ်သည်ဟူသော စိတ်စေတနာဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်ကြရန်၊

လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ကြရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများသည် မြေပြင် တွင် လက်တွေ့ အကောင်အထည်ဖော်ရန် အခက်အခဲ ရှိနေပါက ပြန်လည်တင်ပြပြီး ခေတ်စနစ်နှင့် ဆီလျော်၍ မြေပြင်တွင် လက်တွေ့ ကျင့်သုံးနိုင်မည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန် လိုအပ်ပါက ပြန်လည် တင်ပြဆောင်ရွက် ကြရန်၊

မိမိတို့ ကွင်းဆင်းဆောင်ရွက်ရသည့် ကိစ္စရပ်များသည် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်များနှင့် အမိန့် ညွှန်ကြားချက် အဟောင်းများကြောင့် အတားအဆီး၊ အခက်အခဲ ဖြစ်နေပါက သက်ဆိုင်ရာ အစိုးရအဖွဲ့ ကော်မတီသို့ ချက်ချင်းတင်ပြပြီး လျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်သွားကြရန်၊

မိမိတို့ ဆောင်ရွက်သမျှသည် ပြည်သူများ၏ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများကို အလေး ထား ဆောင်ရွက်သည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဖြစ်သည့် အားလျော်စွာ ပြည်သူများ၏ အကြံပြု ချက်များကိုလည်း အလေးထားလက်ခံပြီး ဖြေရှင်းဆောင်ရွက် ပေးကြရန်၊ ဌာနဆိုင်ရာ အချို့တွင် အမိန့်ရမှ လုပ်တတ်သည့် အခြေအနေမှ အောက်ခြေတွင် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည်များကို ဥပဒေနှင့်အညီ တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ရဲရဲဝံ့ဝံ့ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းကို အစိုးရယန္တရား၊ ဌာနဆိုင်ရာများအကြား အစိုးရအဖွဲ့ ဆပ်ကော်မတီ များက နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အထူး တာဝန်ပေးအပ်သည့် အဖွဲ့များ ပီပီ စံနမူနာပြ ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ပြည်ထောင်စုအစိုးရ ဆပ်ကော်မတီများအဖြစ် နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ ဆပ်ကော်မတီ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ ဆပ်ကော်မတီ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီ၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ စီးပွားရေး ပူးပေါင်းညှိနှိုင်းရေး ဆပ်ကော်မတီ၊ အခွန်အကောက်ဆိုင်ရာ ဆပ်ကော်မတီ၊ စွမ်းအင်သယံ ဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ၊ စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆပ် ကော်မတီ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ ဆပ်ကော်မတီ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဆပ်ကော်မတီ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေး ဆပ် ကော်မတီ၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေး ရာ ဆပ်ကော်မတီ၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဆပ်ကော်မတီ၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆပ်ကော်မတီ၊ ဥပဒေကြမ်းဆိုင်ရာ ဆပ်ကော်မတီ၊ နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆပ်ကော်မတီ၊ ကာကွယ်ရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ၊ တိုင်းရင်းသားရေးရာ ဆပ်ကော် မတီ၊ အလုပ်သမားရေးရာ နှင့် တောင်သူလယ်သမားရေးရာ ဆပ်ကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ဆပ်ကော်မတီ၊ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆပ်ကော်မတီဟူ၍ ဆပ်ကော်မတီ ၂၆ ခုကို ဖွဲ့စည်း ထားရှိကြောင်း သိရှိရသည်။

ရွှေသတင်းသစ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here