Sunday, September 29, 2013

တရုတ်ချေးငွေနှင့် ပြည်သူလူထု၏ ဒဏ်ခတ်မှု

0 comments


(ကျောက်ဖြူမြို့နယ် ရတဏ ကျေးရွာအနီး ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားသည်ကို တွေ့မြင်ရစဉ်)

29.9.2013

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အရွေ့တွေကြောင့် ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှု တိုးချဲ့ဖို့ ကြိုးစားလာသလို ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးချဲ့ဖို့ ဆောင်ရွက်လာကြတဲ့အချိန်မှာ ယခင် မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြားနိုင်ငံများနဲ့ ဆက်ဆံရေးအပေါ် စောင့်ကြည့်နေရမယ့် အနေအထား ရှိနေပေမယ့် ယခင်အတိုင်း ယင်းအတွက် အကျိုးရှိမယ့် ချေးငွေ ထုတ်ချေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။


စောင့်ကြည့်ရမယ့် အမေရိကန်နှင့် ဂျပန်

အထူးသဖြင့် တရုတ်စောင့်ကြည့်ရမယ့် နိုင်ငံတွေမှာ ကမ္ဘာ့စူပါပါဝါဖြစ်နေဆဲ အမေရိကန်နဲ့ တရုတ်ရဲ့လက်ရှိ စီးပွားရေးပြိုင်ဘက်လို့ ဆိုနိုင်တဲ့ ဂျပန်နိုင်ငံတွေဟာ အဓိကပါဝင်နေမှာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့စူပါပါဝါအဖြစ် ရှိနေဆဲဖြစ်ပေမယ့် တရုတ်ရဲ့အဘက်ဘက်က ယှဉ်ပြိုင်လာမှုကို ကြုံတွေ့နေရတဲ့ အမေရိကန်အနေနဲ့ပစိဖိတ်ရှေးရှုမှုဝါဒကို အလေးပေး ဆောင်ရွက်လာတဲ့နေရာမှာ ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာပိုင်ဆိုင်ပြီး အိန္ဒိယသမုဒ္ဒရာသို့ အလွယ်တကူ သွားလာနိုင်တဲ့ ပထ၀ီအနေအထားမှာရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အလျှင်အမြန် တိုးချဲ့လာခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်တစ်လျှောက် ပိတ်ဆို့မှုတွေကိုသာ ပြုလုပ်ခဲ့တဲ့ အမေရိကန်အစိုးရဟာ မြန်မာနဲ့ ဆက်ဆံရေးကို ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်ဘက် အစိုးရလက်ထက်မှာ တိုးမြှင့်ဖို့ ကြိုးစားလာခဲ့ရတဲ့ နောက်ကွယ်မှာ သူရဲ့ ပြိုင်ဘက်ဖြစ်နေတဲ့ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ လွှမ်းမိုးမှုတွေကို အားပြိုင်ဖို့ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။


ဘယ်သူ့အကျိုးစီးပွားလဲ

တရုတ်အနေနဲ့လည်း သူ့ရဲ့ စီးပွားရေးအင်ဂျင်အတွက် အဓိက အထောက်အပံ့ အသက်သွးကြောသဖွယ် ဖြစ်လာနေတဲ့ မြန်မာနိုင်ငံရဲ့ အရှေ့နဲ့အနောက်ကိုဖြတ်ပြီး ဆက်သွယ်ထားတဲ့ ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နိုင်ငံရဲ့ အနောက်ပိုင်း ကုန်းတွင်းပိတ် ပြည်နယ်တွေရဲ့ ပို့ကုန်။ သွင်းကုန်လမ်းကြောင်းတွေနဲ့ မြန်မာနိုင်ငံရှိ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ မြန်မာနိုင်ငံရဲ့ တရုတ်အပေါ် နိုင်ငံရေးအရထောက်ခံမှု (တရုတ်တစ်ပြည်ထောင်ထောက်ခံမှု) စတာတွေဟာ တရုတ်အတွက် မြန်မာနိုင်ငံနဲ့ ရှေ့ဆက်ဆက်ဆံရေးဟာ အရေးပါတဲ့အဆင့်မှာ ရှိနေတယ်လို့ သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုရှိနေဖို့ သေချာတဲ့အချက်လို့ ပညာရှင်တွေကထောက်ပြတဲ့ အချက်တစ်ချက်က စစ်အစိုးရ လက်ထက်စီးပွားရေး ပိတ်ဆို့မှု ဒဏ်ခတ်ခံခဲ့ရစဉ်က တရုတ်ဟာမြန်မာကို ချေးငွေအပြင် ဗီတိုအာဏာနဲ့ နိုင်ငံတကာဖိအားကနေ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရ တာဝန်ရှိသူတွေကိုယ်တိုင် တရုတ်အပေါ် ကျေးဇူးကြွေးတွေ ရှိနေကြောင်း တရားဝင်ထုတ်ဖော်ပြောခဲ့တဲ့ သာဓကတွေက သက်သေပြနေပါတယ်။

တရုတ်ကိုပေးရမယ့် အမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကျော် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေ ရှိခဲ့စဉ်က တရုတ်ရဲ့ ဗီတိုအာဏာနဲ့ ချေးငွေတွေဟာ ယခင်စစ်အစိုးရအပေါ် ထောက်ပံ့ပေးနိုင်ခဲ့တဲ့ အရေးပါတဲ့ ဆက်ဆံရေးတစ်ရပ် ဖြစ်ခဲ့သလို ပြည်တွင်းမှာ သဘာဝဓာတ်ငွေ့ပမာဏများစွာ ထွက်ရှိလာပြီးနောက်ပိုင်းမှာတော့ တရုတ်က ယင်းရဲ့စွမ်းအင် လိုအပ်ချက်အရ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်တွေ ၀ယ်ယူဖို့ မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ဖော်ပြောပြချက်အရ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ကျန်ရှိတဲ့ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ကိုးဘီလျံကျော်ရှိခဲ့ပြီး ၁၉၈၈ ခုနှစ် မတိုင်မီ အကြွေးမြီစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅၉၉၂ ဒသမ ၁၂၇ သန်းနဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆၅၆ ဒသမ ၀၈၁ သန်းရှိခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ချေးယူတဲ့ ကြွေးမြီပမာဏမှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၃၁၉ ဒသမ ၀၀၃ သန်းရှိကြောင်း ပြောကြားခဲ့ရာ ယခင်အစိုးရလက်ထက် ချေးငွေအများစုဟာ တရုတ်ကချေးတဲ့ ငွေတွေ ဖြစ်ပါတယ်။


ငွေချေးရတဲ့ ရည်ရွယ်ချက်

တရုတ်ချေးငွေအများစုဟာ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်းလုပ်ငန်းတွေအတွက်ဖြစ်ပြီး အတိုးနှုန်းအမျိုးမျိုး ကတိက၀တ်အမျိုးမျိုးနဲ့ချေးငှားခဲ့ဖွယ်ရှိတယ်လို့ နိုင်ငံတကာ လေ့လာသူတွေက သုံးသပ်ခဲ့ကြပြီး ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှု ပမာဏများတဲ့ စီမံကိန်းအားလုံးလိုလိုဟာ တရုတ်ချေးငွေနဲ့ မကင်းတဲ့အနေအထား ရှိခဲ့တယ်လို့ လေ့လာသူတွေက ခန့်မှန်းခဲ့ကြပါတယ်။ ယခင် အစိုးရလက်ထက်မှာ နိုင်ငံတကာချေးငွေနဲ့ ပက်သတ်ပြီး ပွင့်လင်းမှုမရှိခဲ့တာကြောင့် တရုတ်ဆီက ဘယ်လိုကတိဝတ်၊ ဘယ်လိုအတိုးနှုန်းတွေနဲ့ ချေးငှားခဲ့သလဲဆိုတာ အများပြည်သူတွေ သိရှိခွင့်မရခဲ့ဘဲ သဘာဝဓာတ်ငွေ့ရောင်းချမှုက နှစ်စဉ် ဘီလျံနဲ့ချီပြီး ၀င်ငွေတွေရခဲ့သော်လည်း နောက်အစိုးရတက်လာချိန်မှ တရုတ်ကို ပေးရမယ့်အကြွေး အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိနေ တယ်ဆိုတာ သိခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။


မချေးမဖြစ် ချေးနေရတာလား

လေ့လာသူတွေရဲ့ ဝေဖန်မှုတွေအရတော့ တရုတ်က ချေးငွေတွေ ချေးရာမှာလည်း ငွေကြေးသက်သက် ချေးတာထက် မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မယ့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ယင်းချေးငွေနဲ့ ၀ယ်ယူရတာဖြစ်လို့ ငွေသားဝင်လာတာထက် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေအတွက် အရောင်းဈေးကွက်တစ်ခု ဖြစ်ခဲ့သလို အတိုးလည်း ရသေးတာမို့ တရုတ်အတွက်တော့ မြန်မာကို ငွေချေးရတာဟာ တွက်ခြေအလွန်ကိုက်တယ်လို့ ဆိုကြပါတယ်။ ယခင်အစိုးရဟာ အစောပိုင်းနှစ်တွေမှာ ချေးပေးမယ့် နိုင်ငံဆိုလို့ ဒီတစ်နိုင်ငံတည်းသာရှိတာမို့ အရိုးများသေး ချေးခါးသလေး မငြင်းနိုင်ခဲ့တဲ့ အခြေအနေဖြစ် ခဲ့တာကြောင့် ချေးခဲ့တယ်လို့ ဆိုနိုင်ပေမယ့် နောက်ပိုင်း သဘာဝဓာတ်ငွေ့ရောင်းချရငွေတွေရလာတဲ့ အချိန်မှာလည်း တရုတ်ထံငွေချေးသွားတဲ့ ဖြစ်ရပ်တွေကို မကြာခဏကြားခဲ့ရတာဟာ မချေးမဖြစ်ချေးနေရတာလားဆိုတာ လေ့လာသူတွေအကြား မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။


ဂျပန်ရဲ့ အကူအညီ

ယခင် အစိုးရလက်ထက်က အစိုးရအဖွဲ့မှာ တာဝန်ယူခဲ့သူ အများစုပါဝင်တဲ့ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်မှာတော့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ လျှော့ချပေးခဲ့ပြီး ယခင်အဆက်အဆံမှု လျှော့ချခဲ့တဲ့ နိုင်ငံတွေနဲ့ ကမ္ဘာ့ဘဏ်အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အထောက်အပံ့ပေးနေတဲ့ ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက ယခင်ကျန်ရှိတဲ့ ချေးငွေအချို့ကို လျှော်ပစ်ခဲ့သလို ထပ်မံချေးပေးဖို့ကိုလည်း ဆောင်ရွက်လာခဲ့ကြပါတယ်။ အဲဒီလို ငွေကြေးဆိုင်ရာ အခင်းအကျင်းမှာ မြန်မာနိုင်ငံအပေါ် ကူညီမှုတွေ ပြုလုပ်လာတာကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးဆပ်ရန်ရှိတဲ့ ကြွေးမြီများကို ရှင်းလင်းရန်အတွက် ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဘဏ်မှ ပေါင်းကူးချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကိုပေးအပ်သွားမယ်လို့ တရားဝင်ကြေညာခဲ့ပြီး ဆက်တိုက်ဆိုသလို ဂျပန်အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့လာခဲ့ပါတယ်။


ဒေါ်လာသန်း ၂၃၀၀ ကျော် ထပ်ချေးဦးမယ်

လက်ရှိမှာ မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အားပေးရန် ကျန်ရှိနေတဲ့ ကြွေးမြီများအား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်ရဲ့ အကူအညီဖြင့် ရှင်းလင်းပေးဆပ်နိုင်ပြီဖြစ်ရာ အဆိုပါဘဏ်များမှ မြန်မာနိုင်ငံသို့ ချေးငွေသစ်များ ထပ်မံထုတ်ပေးမယ်လို့ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ထားခဲ့ပေမယ့် အစိုးရအနေနဲ့ တရုတ်ထံက ချေးငှားနေတဲ့ အစီအစဉ်တွေကလည်း ရှေ့ဆက်နေဆဲပါပဲ။ ယခု ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာ နှစ်အတွက်အမျိုးသားစီမံကိန်းရင်း နှီးမြှုပ်နှံမှု လျာထားချက်များတွင်တရုတ်ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၃၀၀ ကျော်ဖြင့်လုပ်ငန်းစီမံ ချက်၂၂ ခုဆောင်ရွက်သွားဖို့စီစဉ် ထားပြီး လယ်ယာ၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ ငွေကြေး၊ စက်မှုစတဲ့ နယ်ပယ်တွေမှာ သုံးစွဲသွားမှာဖြစ်တယ်လို့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ပါရှိခဲ့ပေမယ့် အတိုးနှုန်းဘယ်လောက်နဲ့ ချေးမှာလည်းဆိုတာ မသိရပါဘူး။ ဒီလို တရုတ်ချေးငွေထဲမှာတော့ မကြာသေးမီက အငြင်းပွားဖွယ်ရာ အတိုးနှုန်းနဲ့ ချေးဌားခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကတော့ ဝေဖန်မှုများရှိခဲ့တဲ့ မြန်မာ-တရုတ်အကြား ငွေချေးမှုဖြစ်စဉ်တစ်ရပ်ပါ။


၁၀ နှစ်ကို အရင်းရဲ့ တစ်ဝက်ခန့်ပေးရမယ့် သန်း ၁၀၀

အဲဒီဖြစ်စဉ်က မြန်မာနိုင်ငံမှာ အသေးစား ချေးငွေလုပ်ငန်းနှင့် သမ၀ါယမအသင်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန် သွင်းကုန်ဘဏ် (Exim Bank of China) မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ၁၀ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၅ သန်း အတိုးငွေ ပေးရမယ်ဆိုတဲ့ ဖြစ်စဉ်ပါ။ နိုင်ငံတကာက ချေးငှားရင်ပေးရမယ့် အများဆုံး အတိုးနှုန်း သုံးရာခိုင်နှုန်း လောက်သာရှိတဲ့ အခြေအနေ ယုတ်စွအဆုံး ပြည်တွင်းက အပေါင်ဆိုင်မှာ အတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းလောက်သာ ရှိနေချိန်မှာ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးမယ့် အစီအစဉ်ကို လွတ်တော်မှာ အတည်ပြုစဉ်က ကန့်ကွက်ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာ ချေးယူဖို့ အတည်ပြုခဲ့တာကြောင့် လွှတ်တော်အမတ်တွေရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။


ကတိက၀တ်တွေရှိနေသလား

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ချေးငွေတွေ အတိုးနှုန်းနည်းနည်းနဲ့ ချေးဖို့ အခွင့်အလမ်းတွေ ရှိလာနေချိန်မှာ တရုတ်တို့က အတိုးနှုန်းမြင့်မြင့်နဲ့ချေးဖို့ လုပ်ဆောင်လာတဲ့ နောက်ကွယ်မှာ ယခင်ကတည်းက ချေးငှားဖို့ ကတိက၀တ်တွေရှိနေသလား ဆိုတာလည်း စဉ်းစားသင့်တဲ့ အရာပါပဲ။ တရားဝင် ထုတ်ပြန်ချက်တွေအရ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းများမှ ရရှိနိုင်မယ့် အကူအညီပမာဏမှာ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ဗြိတိန်၊ ဒိန်းမတ်၊ နယူးဇီလန်၊ ပြင်သစ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အမေရိကန် ဒေါ်လာ ၆၄၄ ဒသမ ၅၀၁ သန်း ရှိတယ်လို့ဆိုတာကြောင့် နိုင်ငံတကာ ၀င်ဆံ့လာတဲ့ မြန်မာအနေနဲ့ ငွေချေးဖို့ အရင်ကလောက် ခက်ခဲမှုမရှိနိုင်တော့ဘူးလို့ လေ့လာသူတွေက ယူဆကြပါတယ်။


အပြိုင်ချေးပေးသည့် ဂျပန်နှင့် ကမ္ဘာ့ဘဏ်

ကတိက၀တ်တွေ ရှိခဲ့တာကြောင့် တရုတ်အနေနဲ့ မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို မှုစရာလို့ မထင်တာလားဆိုတာ လေ့လာဖို့ကောင်းသလို တရုတ်ပြိုင်ဘက်ဖြစ်နေတဲ့ ဂျပန်ကတော့ မကြာသေးမီက မြန်မာနိုင်ငံဖွံ့ဖြိုးမှု အကူအညီ ချေးငွေသစ် (ODA) ငါးဘီလျံကို တစ်နှစ်လျင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ သက်တမ်းကာလအတွက် ချေးငှားခြင်း၊ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားပေးတာ ဘိုင်အသစ် တည်ဆောက်ပေးဖို့ မြန်မာအစိုးရကို အမေရိကန် ဒေါ်လာသန်း ၁၄၀ အတိုးမဲ့ ထုတ်ချေးတော့မယ်လို့ ကမ္ဘာ့ဘဏ်ကနေ ကြေညာခဲ့ခြင်းတွေကြောင့် တရုတ်ထံက အတိုးနှုန်းမြင့်တဲ့ ချေးငွေတွေကို ဆက်ချေးဖို့ လို၊ မလို အစိုးရအဖွဲ့နဲ့ လွှတ်တော် တာဝန်ရှိသူတွေ စဉ်းစား ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။


ပြည်သူလူထုရဲ့ ဒဏ်ခတ်မှု

ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးအတွက် နိုင်ငံရပ်ခြားက ငွေကြေးအကူအညီတွေ ရယူရမှာ ဖြစ်ပါတယ်။အရေးကြီးတာက ဘယ်လို ကတိက၀တ်နဲ့ယူသလဲ။ ဘယ်လိုနေရာတွေမှာ ပြန်လည်အသုံးပြုမလဲ ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့သာ လိုအပ်ပါတယ်။ ခေတ်ပြောင်းဖို့အတွက် အခွင့်အလမ်းတွေ ရှိနေပါလျှက် ပါးစပ်ကသာ ခေတ်ပြောင်းပြီလို့ အော်နေပြီး လုပ်ရပ်တွေကတော့ အရင့်အရင်တိုင်းဆိုရင်တော့ ပြည်သူလူထုရဲ့ ဒဏ်ခတ်မှုကို လာမယ့် ၂၀၁၅ မှာ ကြုံတွေ့ရမှာ ဖြစ်ပါကြောင်း . . .။

(ဆောင်းပါးရှင်-သစ်ထွဋ်)

Eleven Media Group 


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here