Sunday, September 29, 2013

တပ်မတော်၊ ပါတီများနှင့် ပရော်ဖက်ရှင်နယ်ပြုရေး

0 comments

(ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး))

29.9.2013

(ဆောင်းပါးရှင်-ဒေါက်တာရန်မျိုးသိမ်း)

ကမ္ဘာ့နိုင်ငံ အများစုတွင် တပ်မတော်များကို ပရော်ဖက်ရှင်နယ် ပြုရေးကို သူ့နည်းသူ့ဟန်နှင့် ဖော်ဆောင်နေကြသည်။ အကယ်စင်စစ် နိုင်ငံတစ်နိုင်ငံတွင် ပရော်ဖက်ရှင်နယ် ပြုရေးသည် တပ်မတော် တစ်ခုတည်းတွင် ထွန်းကားနေရုံနှင့် မဖြစ်၊ ပါတီများနှင့် အဖွဲ့အစည်းများတွင်လည်း ပရော်ဖက်ရှင်နယ်ပြုရေး အားကောင်းနေရန် လိုအပ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများ၊ နိုင်ငံရေး ခေါင်းဆောင်များသည် တပ်မတော် ပရော်ဖက်ရှင်နယ် ဖြစ်ရေးကို အလေးထား ပြောဆိုနေသည့် တစ်ချိန်တည်းတွင် ပါတီများ၊ အဖွဲ့များနှင့် ခေါင်းဆောင်များ အနေဖြင့်၊ ပရော်ဖက်ရှင်နယ် ပြုရေးကို ပျက်ကွက်၍ မဖြစ်နိုင်ကြောင်း မီးမောင်းထိုး ဆော်သြလိုပါသည်။

တပ်မတော် ပရော်ဖက်ရှင်နယ်ပြုရေး၊ နိုင်ငံရေး ပါတီနှင့် ခေါင်းဆောင်များ ပရော်ဖက်ရှင်နယ် ပြုရေးတို့သည် ရေရှည်အမြင်နှင့် ချဉ်းကပ်ဖော်ဆောင်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ သိမ်မွေ့သော၊ ထိလွယ်ရှလွယ်သော၊ ပြောင်းလွယ်ပြင်လွယ်သော အနေအထားတွင် တပ်မတော် ပရော်ဖက်ရှင်နယ် ပြုရေးကို ဗျူဟာ၊ ပရိယာယ် စုံစီနဖာနှင့် ချဉ်းကပ်ဆောင်ရွက်နိုင်မှသာ လက်တွေ့ကျသော လုပ်ငန်းစဉ်ကောင်းတစ်ခု ဖြစ်လာနိုင်လိမ့်မည်ဟု ကောက်ချက်ပြုနိုင်သည်။

တပ်မတော် စစ်တန်းလျားပြန်ရေး သက်သက်ထက် တပ်မတော် ပရော်ဖက်ရှင်နယ် ပြုရေးသည် ပိုမိုအရေးကြီးပြီး နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့် တပ်မတော်၊ တပ်မတော် အကြီးအကဲများအကြား ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်နိုင်မှသာ တပ်မတော် ပရော်ဖက်ရှင်နယ် ပြုရေးသည် ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင် ဦးနှောက်စားနိုင်မည့် မြန်မာ့အပြောင်းအလဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ကောက်ချက်ပြုနိုင်သည်။ တစ်ဖက်တွင်လည်း ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးစနစ် အားကောင်းမောင်းသန် ဖွံ့ဖြိုးမှုနှင့် နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများ၏ စနစ်ကျ အားကောင်းမှုတို့သည် အရေးပါသော နိုင်ငံရေး ဇာတ်ပို့များပင် ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဝင် ၁၁ ဦးတွင် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် တပ်မတော် ကိုယ်စားလှယ် ခြောက်ဦး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ ပြည်ထောင်စု အစိုးရတွင် ဒုတိယသမ္မတ တစ်ဦး၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနေရာများတို့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ပိုင်ခွင့် ရရှိနေခြင်းသည် ဒီမိုကရေစီနှင့် မကိုက်ညီဟု လည်းကောင်း၊ အစိုးရနှင့် လွှတ်တော်တို့၏ ပြည်သူဗဟိုပြုမူနှင့် လွဲချော်နေသည်ဟု လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတွင် လုပ်ပိုင်ခွင့်နှင့် နေရာများ ရရှိနေသည်ကို လည်းကောင်း၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် ပြည်သူများက သဘောမတူ ကန့်ကွက်ပြီး အဆိုပါ ပြဋ္ဌာန်းချက်များအား ပြင်ဆင်ရေးဆွဲပေးရန် လိုလားမှု ကြီးမားနေသည့် အချိန်ကာလလည်း ဖြစ်သည်။

တပ်မတော်၏ ထောက်ခံမှု မရရှိပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအား လုံးဝမပြင်ဆင်နိုင်သည့် အခြေအနေကို အခြေခံဥပဒေပါ ပြဌာန်းချက်များတွင် ဖော်ပြထားသည့်အလျောက် တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် နိုင်ငံရေး လက်ဝါးကြီးအုပ်မှုသည် ကြီးမားကျယ်ပြန့် လွန်းသည်ဟု သုံးသပ်နိုင်သည်။ အဆိုပါ နိုင်ငံရေး လက်ဝါးကြီးအုပ်မှုအား တပ်မတော် အနေဖြင့် အနှေးနှင့်အမြန် ဖြေလျော့ပေးမည့် အနေအထား တစ်ရပ်ကို ပြည်သူလူထု တစ်ရပ်လုံးက မျှော်လင့်လျက် ရှိနေသည်။ တစ်ချိန်တည်းတွင် တပ်မတော်သည်လည်း နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေး ခေါင်းဆောင်များကို စနစ်တကျ ချဉ်းကပ်လေ့လာလျက် ရှိနေနိုင်ပြီး မြန်မာ့နိုင်ငံရေး ရှေ့ခရီးတွင် တပ်မတော်၏ အခန်းကဏ္ဍကို မည်သို့မည်ပုံ ထိန်းကျောင်းနိုင်မည်ကိုလည်း ဆွေးနွေးပြင်ဆင်လျက် ရှိနေနိုင်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၊ လွှတ်တော်များတို့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းပိုင်ခွင့်တို့ကို အပြည့်အ၀ အပ်နှင်းနိုင်ခြင်း မရှိသေးသည့် အခြေအနေတွင် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ အပ်နှင်းထားသည့်သဘော သက်ရောက်နေသည်။ အဆိုပါ ပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ အနာဂတ်တွင် အစိုးရ၊ လွှတ်တော်များနှင့် တပ်မတော်တို့အကြား မည်သို့မည်ပုံ ထိန်းညှိဆောင်ရွက်နိုင်မည်ကို တပ်မတော် အကြီးအကဲများနှင့် နိုင်ငံရေး ခေါင်းဆောင်များသည် ယခုကတည်းက စဉ်းစားထားသင့် သည်ဟုလည်း သုံးသပ်မိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀(စ)တွင် တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ဖော်ပြထားသည်။ တပ်မတော် အနေဖြင့် ပြည်သူလူထုကို မျက်နှာမူလျက် ပြည်သူလူထု၏ သဘောထားကို အလေးအနက်ထားလျက်၊ ပြည်သူသာအမိ၊ ပြည်သူသာအဖဟု ခံယူလျက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံတော် အာဏာသုံးရပ်ကို သိမ်းယူခြင်း သို့မဟုတ် စစ်အာဏာသိမ်းခြင်း မဟုတ်သည်ကို ဦးစွာလက်ခံပြီး ဖြစ်လိမ့်မည်ဟု မျှော်လင့်သည်။ တပ်မတော် အာဏာသိမ်းယူမှုများသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရာ မရောက်သည့်အပြင် ပြည်သူလူထု၏ အပြစ်တင်ခြင်း၊ နားလည်မှုလွဲခြင်း၊ အဆိုးမြင်ခြင်း စသည့်အနှုတ်သဘော တုံ့ပြန်မှုများကိုသာ ဖြစ်စေခဲ့ကြောင်း သမိုင်းမှတ်တမ်းများက သက်သေပြုခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် တပ်မတော် အနေဖြင့် နိုင်ငံတော် အာဏာသုံးရပ်ကို အင်အားသုံး သိမ်းယူလျက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းသည် ကြောင်းကျိုးဆီလျော်မှု မရှိသော အကျိုးမရှိသော လုပ်ရပ်တစ်ခုဟု ကောက်ချက်ပြုနိုင်သည်။

၁၉၆၂ ခုနှစ် မတ် ၂ ရက်နှင့် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တို့တွင် တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ဖျက်သိမ်းပြီး နိုင်ငံတော် အာဏာသုံးရပ်ကို သိမ်းယူခဲ့သည့် သာဓကများကို ထောက်ကျင့်လျက် လည်းကောင်း၊ တပ်မတော်မှ အာဏာသိမ်းယူခဲ့သည့် နှစ်ကြိမ်လုံးတွင် တိုင်းပြည်သည် မွဲသထက် မွဲသွားခဲ့သည်ကို ထောက်ချင့်လျက် လည်းကောင်း၊ မြန်မာ့နိုင်ငံရေး ရှေ့ခရီးတွင် တပ်မတော် အနေဖြင့် အာဏာသိမ်းယူမှု မဟုတ်သော နည်းလမ်းများဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိနိုင်မည်ဆိုလျှင် ဒီမိုကရက်တစ် အစိုးရ၊ လွှတ်တော်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို ပြည်သူကို မျက်နှာမူလျက် ကာကွယ်စောင့်ရှောက် နိုင်မည်ဆိုလျှင် တပ်မတော်သည် ပြည်သူလူထုထံသို့ အလျင်အမြန် ပြန်ရောက်ရှိပြီး ပြည်သူ့တပ်မတော် တစ်ဖန်ပြန်ဖြစ်လာ နိုင်လိမ့်မည်ဟု သုံးသပ်မိသည်။ 

တပ်မတော်ကို ပရော်ဖက်ရှင်နယ် ပြုရေးတွင် တပ်မတော်ပြန်လည် တည်ဆောက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့လည်း အကျုံးဝင်သည်။ လက်ရှိ မြန်မာ့တပ်မတော်ကိုလည်း တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာန ချုပ်များအထိ စနစ်တကျ အင်အားပြည့် ပြန်လည်စိစစ်၊ တည်ဆောက်နိုင်ရန် လိုအပ်ပြီး စာရွက်ပေါ်မှ အင်အားများနှင့် စာရင်းဇယားများကြောင့် ပွယောင်းယောင်း ဖြစ်နေသော အနေအထားများကို စနစ်ကျ ကျစ်လျစ်သော စာရင်းအဖြစ် ပြန်လည်တည်ဆောက်ယူရန် လိုအပ်လျက် ရှိနေသည်။ ထို့အပြင် တပ်မတော်၏ ဖွဲ့စည်းပုံ အဆင့်ဆင့်တွင် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ တပ်မတော်များ၏ စံချိန်စံညွှန်းကို မျက်ခြည်မပြတ်ရန်နှင့် စောင့်ကြည့်လေ့လာနေရန်လည်း အထူးလိုအပ်သည်။

တပ်မတော် ပရော်ဖက်ရှင်နယ် ဖြစ်ရေးနှင့် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ပရော်ဖက်ရှင်နယ် ဖြစ်ရေးတို့သည် ဟန်ချက်ညီနေရန် အထူးလိုအပ်သည်။ ပရော်ဖက်ရှင်နယ်ဖြစ်ခြင်း နှစ်ခုသည် အံလွှဲနေပါက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးမဖြစ်နိုင် အဆိုးသာ ဖြစ်နိုင်သည်ဟု သုံးသပ်နိုင်သည်။ တပ်မတော်သည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ အတွင်းရှိ အဖွဲ့အစည်းများအနက် အမိန့်နာခံမှုနှင့် စနစ်ကျနမှု အကောင်းဆုံး ယန္တယား တစ်ခုဖြစ်ပြီး ပါတီများနှင့် အခြားအဖွဲ့အစည်းများထက် ပိုမိုအားကောင်းနေသည်မှာ ပကတိ အနေအထား ဖြစ်သည်။ တပ်မတော်နှင့် တပ်မတော် အကြီးအကဲများ ပရော်ဖက်ရှင်နယ် ပြုရေးကို ဆော်သြနေသည့် တစ်ချိန်တည်းတွင် နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများသည်လည်း ပရော်ဖက်ရှင်နယ် ပြုရေးကို ပိုမိုအားစိုက်သင့်ကြောင်း နှိုးဆော်လိုပါသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လမ်းပြမြေပုံနှင့် အချိန်ဇယား အသေးစိတ်ရှိရန် လိုအပ်သကဲ့သို့ တပ်မတော် ပရော်ဖက်ရှင်နယ် ပြုရေးတွင်လည်း ဗျူဟာမြောက်သော စီမံချက် လမ်းပြမြေပုံ၊ အချိန်ဇယားတို့ရှိရန် လိုအပ်သည်ဟု ဆိုနိုင်သည်။ အဆိုပါ ပရော်ဖက်ရှင်နယ်ပြုရေး စီမံချက်နှင့် အချိန်ဇယား၏ ယေဘုယျ ဖော်ပြချက်များကို အများပြည်သူလူထု သိရှိနိုင်ရန် ထုတ်ပြန်သင့်သည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးသည် တပ်မတော် ပရော်ဖက်ရှင်နယ်ပြုရေး စီမံချက် အချိန်ဇယားတို့ အပေါ်တွင် ရာနှုန်းများစွာ တည်မှီနေသည့်အလျောက် ကြိုတင်ထုတ်ပြန်နိုင်ပါက နိုင်ငံတကာ မျက်နှာစာ၊ ပြည်တွင်းနိုင်ငံရေး မျက်နှာစာနှင့် အများပြည်သူတို့ အကြားတွင် တပ်မတော်၏ လူထုဆက်ဆံရေး ပုံရိပ်ကို ပိုမိုအားကောင်း လာစေနိုင်လိမ့်မည်ဟု ထင်မြင်မိသည်။ တစ်ဖက်တွင်လည်း တပ်မတော် ပရော်ဖက်ရှင်နယ် ပြုရေးကိုသာ ဦးစားပေးပြီး နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ၏ ပရော်ဖက်ရှင်နယ်ပြုရေး အပိုင်းတွင် နှောင့်နှေးနေမည် ဆိုပါက မြန်မာ့နိုင်ငံရေး ရှေ့ခရီး ဟန်ချက်ပျက်နိုင်သည်ကိုလည်း ဆင်ခြင်သတိရှိနိုင်ရန် လိုအပ်သည်။

တိုင်းပြည်ပြန်လည် တည်ဆောက်ရေးတွင် လည်းကောင်း၊ နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများ ပရော်ဖက်ရှင်နယ် ပြုရေးတွင် လည်းကောင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိသော နိုင်ငံတကာ အကူအညီများနှင့် အထောက်အပံ့များသည် အရေးကြီးသကဲ့သို့ တပ်မတော် ပရော်ဖက်ရှင်နယ် ပြုရေးတွင်လည်း နိုင်ငံတကာ တပ်မတော်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ၊ နိုင်ငံတကာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပွင့်လင်းမြင်သာ တာဝန်ယူမှုရှိသော အကူအညီများ၊ အထောက်အပံ့များ ရရှိရေးသည် ဗျူဟာမြောက် အရေးကြီးသည်ဟု မှတ်ချက်ပြုနိုင်သည်။ တပ်မတော် ပရော်ဖက်ရှင်နယ် ပြုရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပေးအပ်မည့် အကူအညီများနှင့် အထောက်အပံ့များသည် နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ၏ ပရော်ဖက်ရှင်နယ်ပြုရေး လုပ်ငန်းစဉ်၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ဟန်ချက်ညီညီ စီးဝင်နေရန် လိုအပ်သည်ဟုလည်း မှတ်ချက်ပြုလိုပါသည်။

နိဂုံး
အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ် ပြုရေးသည် တပ်မတော်တွင်သာမက အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီများ အကြားတွင်လည်း အားနည်းနေဆဲ ဖြစ်သည်။ ပရော်ဖက်ရှင်နယ် ပြုရေးကို ဗျူဟာမြောက် ထိန်းညှိဖော်ဆောင် နိုင်မှုသည် မြန်မာနိုင်ငံ၏ နုနယ်သော ဒီမိုကရေစီနှင့် အပြောင်းအလဲတွင် အလွန်အရေးကြီးသည်။ ရှေ့လာမည့် အပြောင်းအလဲများတွင် တပ်မတော်၏ အခန်းကဏ္ဍသည် မြင့်သထက် မြင့်လာနိုင်ခြေ ရှိနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်လည်း တပ်မတော် အနေဖြင့် သဘောမတူပါက အထမြောက်နိုင်ခြေ သုညတဟူသော အချက်ကို မျက်ခြည်မပြတ်သင့်ဟု ဆော်သြလိုသည်။ ထို့အပြင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုင်ပိုင်နိုင်နိုင် ပုံဖော်နိုင်ရေးတွင် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် အင်အားချိန်ခွင်လျှာထိန်း အဖွဲ့အစည်း ဖြစ်နေသည့်အလျောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဆွေးနွေးချက်များ၊ စဉ်းစားချက်များတို့တွင် တပ်မတော်သည် မပါလျှင် မပြီးသော မြန်မာ့နိုင်ငံရေး ပဲခူးဆား ဖြစ်မှန်းမသိ ဖြစ်နေသည်ကိုလည်း သတိပြုမိသည်။ တပ်မတော်၊ နိုင်ငံရေး ပါတီများနှင့် ပရော်ဖက်ရှင်နယ် ပြုရေးတို့သည် စနစ်ကျ၊ အားကောင်း၊ ဟန်ချက်ညီနေမည် ဆိုပါက မြန်မာ့နိုင်ငံရေး ရှေ့ခရီးသည် အားကောင်းမောင်းသန် ဖြစ်နိုင်သော်လည်း၊ ဟန်ချက်ပျက်မည် ဆိုပါက နိုင်ငံရေး အဆိုးသံသရာ တစ်ပတ်ပြန်လည်လာနိုင်ဖွယ် ရှိနေသည်ကိုလည်း မျက်ခြည်မပြတ်သင့်ကြောင်း ဆော်သြလိုက်ရပါသည်။

Eleven Media Group 


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here