Monday, October 28, 2013

ရွှေလိုမ၀င်းနိုင်ရှာတဲ့ ဒေါ်ရွှေဝင်း

0 comments


ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့မိခင်အသုဘသွားပို့ရင်း ဆုံတွေ့လာခဲ့တဲ့ ရင်နစ်စရာအဖြစ်လေး တစ်ခုပါ၊ မော်လမြိုင် - ကျိုက်မရော ကားလမ်းဘေးမှာ တည်ရှိတဲ့ မော်လမြိုင်မြို့နယ်ပိုင် မုရောင်း ကျေးရွာ ထိပ်က ကင်းတဲလေးတစ်ခုရဲ့ အနောက်ဘက်မှာ ၃ ပေအကျယ်၊၇ ပေအရှည် ကြမ်းခင်းလေး ကို ခင်းပြီး အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ယောက်ကိုမြင်တွေ့ခဲ့ရတယ်။

သူမဟာ အသက် ၄၀ အရွယ်မှာ လင်ယောကျာ်းရဲ့နှိပ်စက်မှုဒဏ်ကြောင့် မျက်လုံးနှစ်ဖက်စလုံး အလင်းပျောက်ကွယ်ခဲ့ရပါတယ်၊သားသမီးတွေကလဲ မထွန်းကား၊ ဆွေမျိုး နောက်ခံဆိုတာကလဲ မရှိလေတော့ အားကိုးရာမဲ့ဘ၀နဲ့ ဒီကင်းတဲလေး ပေါ်မှာ တစ်ယောက်တည်း နေလာခဲ့ရတာ ၇ နှစ်နီးပါးရှိလာပါပြီး။ လင်ယောကျာ်းဆုံးသွားကတည်းက ဟို ဘုန်းကြီးကျောင်းကပ်နေ၊ ဒီဘုန်းကြီးကျောင်းကပ်နေလာခဲ့ရတယ်လို့ သိရပါတယ်၊ ဘိုးဘွားရိပ်သာ သွားဖို့ဆိုတာကလဲ မျက်စိနှစ်ကွင်းလုံးက အမှောင်ဖုံးနေတာမို့ သူ့ကိုပြုစုမယ့်သူတွေအတွက် စိတ်ငြိုငြင် စရာတွေဖြစ် လိမ့်မယ် ဆိုပြီး မသွားခဲ့တာပါလို့ ပြောပြခဲ့ပါတယ် ။

ဒီကင်းတဲမှာ နေထိုင်တဲ့ ၇ နှစ်ကာလအတွင်းမှာတော့ သူမစားသောက်ဖို့၊ ကျင်ကြီးကျင်ငယ်စွန့်ဖို့ အတွက်ကိုတော့ ကင်းတဲ အနားမှာ ကွမ်းယာဆိုင်လေးလာဖွင့်တဲ့ ကိုမောင်လှိုင်တို့ လင်မယား က သွေးမတော်သားမစပ်ပဲ နေ့တဒူဝ ဆောင်ရွက်ပေးနေတယ်ဆိုတာ သိခဲ့ရပါတယ်၊ ကိုမောင်လှိုင်တို့ လင်မယားကလဲ တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲသားမိသားစုတွေပဲမို့ သူတို့စားတဲ့ အထဲကနေပဲ ခွဲဝေကျွေးမွေးပြုစုနေကြတာပါ၊သူမရဲ့ ကျင်ကြီးကျင်ငယ်ကိစ္စကိုလဲ ဒီလင်မယားက ပဲဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။ချို့တဲ့ပေမယ့်လဲ စိတ်ထားဖြူစင်ကြတဲ့လင်မယားပါ လားဆိုပြီး စိတ်ထဲလေးစားနေ မိပါတယ်။

ဒီလိုဒုက္ခိတမျက်မမြင်ကြီးကို သွေးမတော်သားမစပ်အိမ်ပေါ်ခေါ်တင်ပြုစုဖို့ဆိုတာကလဲ မိသားစုဝင်များတဲ့ ကိုမောင်လှိုင်တို့လင်မယားအနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေတစ်ရပ်မို့ မနက်ကွမ်းယာဆိုင် လာဖွင့်ရင် သူမကို ကျင်ကြီးကျင် ငယ်စွန့်ဖို့ ကူညီပေးတယ်၊ မနက်စာ နေ့လည်စာ ညစာကျွေးမွေးပြုစု တယ် ဒီလောက်ပဲလုပ်ပေးနိုင် တယ်လို့ ကိုမောင်လှိုင်ရဲ့ ဇနီးဖြစ်သူကလဲ ပြောပြပါတယ်၊“ကျွန်မတို့က အရင်ဘ၀က ဒါနနည်းခဲ့ လို့ ဒီဘ၀မှာ ပင်ပင်ပန်းပန်းရုန်းကန်ရှာဖွေစားသောက်နေရတာလေ၊ ဒီဘ၀မှာ လဲ လှူနိုင်တန်းနိုင် တဲ့အခြေအနေမပေးလေတော့၊ ဒုက္ခိတတစ်ယောက်ဖြစ်တဲ့ ခိုကိုးရာမဲ့ ဒေါ်ရွှေဝင်းကို ၀တ်ကြီးဝတ်ငယ်ပြု စုပေးနေရတာကိုပဲ ကုသိုလ်ရေးတစ်ရပ်အဖြစ် စိတ်ထဲ မှတ်ယူပါတယ်” ဆိုပြီး
ပြောပြသွားတဲ့ စကားလေးတစ်ခွန်းဟာ ကျွန်တော့်နားထဲကတစ်ဆင့် နှလုံးသားထဲမှာ စွဲမြဲကျန်ရစ် သွားစေခဲ့ပါတယ်။

ဘယ်လိုဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းများအနေနဲ့ ဒီpost လေးကိုဖတ်ပြီးတတ်နိုင်တဲ့ ဘက် က ၀ိုင်းဝန်းကူညီဖြည့် စွမ်းပေးကြစေလိုပါတယ်၊ share ပေးခြင်းဖြင့်လည်း ကုသိုလ်မျှဝေကြစေ လိုပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုမောင်လှိုင်နဲ့ ဆက်သွယ်ချင်လျှင်တော့ 09425315884 ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါကြောင်း ဆင့်ပွားလိုက်ရပါတယ်ခင်ဗျား။

Ko Zaw Zaw facebook
----------------------------------
သတင်းပေါင်းစုံ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here